Saturday, December 31, 2011

နားလေတဲ့ငှက် ပြန်သွားတော့ဟင်းဖြစ်ရသည်

ပြီးခဲ့တဲ့လပိုင်းတွေက ရွှေနိုင်ငံတော်ကြီးမှာ တရားဝင်ခွင့်ပြုချက်နဲ့မဟုတ်ပေမဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ဒေါ်လာငွေလဲနှုန်းတွေဟာ ရွှေနိုင်ငံတော်သုံး
ကျပ်ငွေ ၇၀၀ ကိုတစ်ဒေါ်လာဈေးဖြစ်ခဲ့ပါတယ် ..ဒေါ်လာဈေးကမောက်ကမဖြစ်တဲ့အကျိုးကို နိုင်ငံခြားတိုင်းပြည်မှာ အလုပ်သွားလုပ်ပြီး ရွှေနိုင်ငံက
မိသားစုထံငွေပို့ ပေးနေသူများအပါအ၀င် အောက်ခြေနဲ့ အလယ်အလတ်ပြည်သူတွေသာမက ကုန်သည်တွေလဲစီးပွားရေးမှာတွက်ခြေမကိုက် ဖြစ်ကုန်
ကြတယ်ဆိုတဲ့အသံတွေထွက်လာပါတယ်ခင်ဗျာ.....

ကြက်ဆူအုပ်စုရဲ့တတ်သိပညာရှင်တွေက ဒေါ်လာငွေဝယ်လိုအားကျလို့ဖြစ်ရတာဆိုပြီး သုံးသပ်လို့အဖြေထုတ်ပေးကြပါတယ်ခင်ဗျ.. ကဲ..ဒီတော့ဒေါ်လာ
ဝယ်လိုအားတတ်အောင် ရွှေနိုင်ငံတော်ကြီးမှာ ရှိတဲ့ ကားအို အက္ခရာအို မော်တော်ကားအဟောင်းပိုင်ရှင်တွေကို ကားအိုကားဟောင်းတွေနေရာမှာ မော်တော်ကား
အသစ်တွေကို နိုင်ငံခြားကနေတင်သွင်းဘို့ ခွင့်ပြုလိုက်တယ်တဲ့ခင်ဗျာ.....

ကားရဲ့သက်တမ်းအနှစ် ၄၀ကျော်ကနေ အနှစ် ၂၀အထိ ရှိတဲ့အိမ်စီးကားတွေကို ၂၀၁၁ စက်တင်ဘာလ ၁၉ရက်ကနေ ၂၀၁၂ မတ်လအထိ လဲလှယ်ရန်တင်
သွင်းခွင့်ပြုကာလအဖြစ် သတ်မှတ်ကာ စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ခဲ့တယ်ခင်ဗျ ..အိမ်သုံးကားတစီးရဲ့တန်ဘိုးကို ဒေါ်လာ ၃၅၀၀ ထက်မပို
တဲ့ကားသာသွင်းခွင့်ပြုမယ်လို့ တန်ဘိုးသတ်မှတ်ပေးခဲ့ပါတယ်ခင်ဗျား.....

ကားသွင်းမယ်ဆိုရင် ယာယီမှတ်ပုံတင်ကြေးက ကားတန်ဘိုးရဲ့ ၁၀၀%  ပေးသွင်းရပါမယ် ..ဒေါ်လာ ၃၅၀၀ တန်ကားသွင်းရင် ယာယီမှတ်ပုံတင်ကြေး ဒေါ်လာ
၃၅၀၀ ကိုကြက်ဆူအစိုးရရဲ့ဘဏ်ထဲကိုအရင်ထည့်ပေးရမယ်လို့ဆိုလိုတာပါခင်ဗျ.. နိုင်ငံခြားတိုင်းပြည်ကနေ ရွှေနိုင်ငံတော်ကြီးဆီ အဲဒီကားရောက်လာပြီ
ဆိုရင် အကောက်ခွန်က ၄၀%နဲ့ ကုန်သွယ်လုပ်ငန်းခွန် ၂၅% ထပ်ကောက်ဦးမှာဖြစ်ပါတယ်တဲ့ခင်ဗျား.....

ဒါဆိုရင်ကားရဲ့တန်ဘိုးရယ် မှတ်ပုံတင်ကြေးရယ် အခွန် ၂ရပ်ရယ်ကိုပေါင်းလိုက်ရင်  ကားတစီးဟာ ဒေါ်လာ ၉၆၂၅ ကျသင့်နေပါပြီ နိုင်ငံခြားတိုင်းပြည်ကနေ
ရွှေနိုင်ငံတော်ကြီးကိုရောက်လာဘို့အတွက် ကားဟာ သင်္ဘောစီးရဦးမှာ မဟုတ်လားခင်ဗျာ ကားတစ်စီးရဲ့သင်္ဘောစီးခက ဒေါ်လာ ၂၅၀၀ ရှိပါတယ်တဲ့ ..
ဒါဆိုရင် နိုင်ငံခြားမှာ ဒေါ်လာ ၃၅၀၀ တန်ဘိုးရှိတဲ့ကားဟောင်းတစီးဟာ ရွှေနိုင်ငံတော်ကြီးကိုရောက်ရင် ဒေါ်လာ ၁၂၁၂၅ တန်ဘိုးရှိသွားမှာဖြစ်သလို
ကြက်ဆူအစိုးရရဲ့ ဘဏ်တိုက်ထဲကို ဒေါ်လာ ၆၁၂၅ ရောက်လို့သွားမှာပါခင်ဗျား.....

ရွှေနိုင်ငံတော်မှာ ကားတင်သွင်းခွင့်ပါမစ်ရတယ်ဆိုရင် မဟာကံထူးရှင်လို့ထင်မှတ်နေကြပါပြီကော  နိုင်ငံခြားမှာအလုပ်ထွက်လုပ်တဲ့သူတွေ သင်္ဘောသားတွေ
ပြည်တွင်းကဒေါ်လာစားတွေကားတင်သွင်းခွင့်မရတော့တာ ၁၉၉၇ ၀န်းကျင်လောက်ကတည်းကပါခင်ဗျ ကြက်ဆူအုပ်စု ကြီးစိုးတဲ့ ဦးမောင်ပိုင်စီးလီမီတက်
ကနေ ပုံစံအမျိုးမျိုး အကြောင်းအမျိုးမျိုးနဲ့ ကားတွေကိုတင်သွင်းခဲ့ကြသလို ကြက်ဆူအုပ်စုနဲ့ အလျဉ်းသင့်သူတွေတွေကလည်း ပါမစ်ရလို့ ကားသွင်းလဲ့ကြ
ပါတယ်ခင်ဗျား.....

ဒါပေမဲ့ ၂၀၀၃ ခုနှစ်ရဲ့ မေလ ထဲ ရွှေဂုန်မြို့တော်မှာပြုလုပ်တဲ့ ရွှေနိုင်ငံထုတ်ကားပြပွဲ လုပ်တဲ့အချိန်ကစလို့ အဲဒီအချိန်က ကြက်ဆူအိမ်ရှေ့စံကိုယ်တော်ကြီး
အမိန့်နဲ့ နိုင်ငံခြားကကားတင်သွင်းခွင့်ကိုပိတ်လိုက်ပြီး ရွှေနိုင်ငံကစက်မှုဇုန်ထုတ်ကားတွေကိုသာရောင်းချဘို့ သတ်မှတ်ပေးခဲ့ပါတယ် ဥပဒေကဲ့သို့ အာဏာ
တည်စေသောအမိန့်နဲ့ပေါ့ခင်ဗျား.....

ဘာပဲပြောပြောပေါ့ခင်ဗျာ ရွှေနိုင်ငံတော်ကနေကားတွေ ထုတ်နိုင်ပြီဆိုတော့ နည်းပညာတွေတိုးတက်လာပြီ ပေါ့နော် ပြည်တွင်းက၀ယ်လို
အားတွေကိုဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် နိုင်ငံခြားငွေထွက်ပေါက်ကိုအတိုင်းအတာတခုအားဖြင့်ပိတ်နိုင်မယ်ဆိုကောင်းတာပေါ့ ..ကောင်း
တာကိုလုပ်တဲ့အတွက် ရွှေမြိုင်အောင် အားပေးပါတယ် ..ဒီလိုနဲ့ပဲ စက်မှုဇုန်ထုတ်ကားတွေ အကြောင်းကို ရွှေမြိုင်အောင် ကြိုးစားရှာဖွေ
စပ်စုပါတော့တယ်ခင်ဗျာ.....

စပ်စုတော့ကြားရတဲ့ သတင်းတွေကမကောင်းဘူး စက်မှုဇုန်တခုက တိုယိုတာ ဗင်အမျိုးအစား ၁၉၉၄မော်ဒယ်ကားတွေ (ရွှေနိုင်ငံ အခေါ်
အဝေါ်က အဲဒီကားကို ဖင်ကောက်လို့ခေါ်ပါတယ်) အဲဒီဖင်ကောက်ကားကို ကားရဲ့ယာဉ်မောင်းအနောက်ပိုင်းထိုင်ခုံနေရာကနေ စလို့ အပေါ်က
အမိုးပိုင်းရယ် ပြူတင်းပေါက်မှန်နေရာအထိရယ်ဖြတ်ပြီး စက်မှုဇုန်ထုတ်ပစ်ကပ် လုပ်ပါသတဲ့ "ဖင်ကောက်ဖင်ဖြတ် ဇုန်ပစ်ကပ်" လို့ခေါ်ကြောင်း
ကြားလိုက်ရပါတယ်ခင်ဗျား.....

ရွှေမြိုင်အောင်လဲဆက်လက် စုံစမ်းလိုက်တာ တနေ့တော့ရွှေနိုင်ငံထုတ် သတင်းစာထဲမှာ စက်မှုဇုန်ထုတ် ကားပြပွဲဆောင်းပါးကိုဖတ်လိုက်ရ
တယ်ခင်ဗျ ..ရွှေမြိုင်အောင်တို့ မော်လမြိုင်စက်မှုဇုန်ကထုတ်တဲ့ မွန်ကပ်ဟာအကောင်းဆုံး ပစ်ကပ်ပုံစံဆုကိုရတယ်ဆိုပဲဗျ..ဂုဏ်ယူတာပေါ့ခင်ဗျာ
ကိုယ့်အရပ်ကိုယ့်ဒေသအတွက်ဂုဏ်ယူပါတယ် ..ဟိုးအရင်က မွန်ပြည်နယ်က "မိတ်အင်ရွာလွတ်" ဆေးတံကို အင်္ဂလိပ်တိုင်းပြည်မှာ တန်ဘိုး
ကြီးစွာနဲ့ရောင်းတဲ့အကြောင်းကြားရတုန်းကဂုဏ်ယူခဲ့သလိုပါပဲခင်ဗျား.....

ဂုဏ်ယူရင်းနဲ့ ဆောင်းပါးကိုဆက်ဖတ်ကြည့်ပါတယ် မွန်ပစ်ကပ်ထုတ်တဲ့စက်မှုဇုန်တာဝန်ခံကို နိုင်ငံခြားသတင်းထောက်က "ကားရဲ့ ဆေးသား
ဒီလောက်ကောင်းပြီးကြွေရောင်ထအောင် ဘယ်လိုပေါင်းခံစက်မျိုးနဲ့ ဘယ်လိုနည်းကို သုံးပါသလဲ "ဆိုတော့ ကျွန်တော်တို့ကမိရိုးဖလာနည်းအတိုင်း ဆေးကို
အထပ်ထပ်ပုတ်ပြီးသုတ်တဲ့နည်းကိုသုံးပါတယ်တဲ့ခင်ဗျား.....

ရှက်စရာကောင်းလိုက်တာဗျာ ရွှေမြိုင်အောင်အတော်ကိုရှက်မိပါရဲ့ ဆေးကိုပုတ် သုတ်ရင်ဆေးအလိုက်မကောင်းသလို ကြွေရောင်လဲမထပါခင်ဗျာ.....
အရမ်းကို မိရိုးဖလာဆန်ကြောင်း ကြွားချင်တော့  ...နဂိုထဲကမှမလုံတာတွေ ပေါ်ကုန်ရောဗျို့ .....

ရွှေနိုင်ငံရဲ့စက်မှုဇုန်ထုတ်ကားတွေ ထဲမှာဂျှပန်က ပါဂျဲရိုးကားတွေလဲပါရဲ့ ဗျာ ..ပါဂျဲရိုးတ့ဆိပ်တွေခွာ စက်မှုဇုန်တံဆိပ်တွေကပ်နဲ့ သူ့ဟာနဲ့သူ လုပ်ချင်သလိုလုပ်စားနေကြတာ ..ဟောအခုတခါ ဂျပန်ထုတ်တဲ့ကားတမျိုးဖြစ်တဲ့ စူပါကပ်စတန် ကားတွေကို
နယ်စပ်ကနေသွင်းပြီး စက်မှုဇုန်ကထုတ်တာပါလို့ခပ်တည်တည် စာရင်းပြကာ ကားလိုင်စင်လျှောက်တယ်တဲ့ခင်ဗျ ..ဒီလိုမျိုးလုပ်နိုင်တာကလဲ ကြက်ဆူ
အုပ်စုထဲက ဆိုင်ရာဆိုင်ရာ တွေသာလုပ်နိုင်ကြတာလေ .. ဟုတ်တယ်ဟုတ်.....

နောက်ဆုံးအဝေအစားမမျှလို့နဲ့တူပါရဲ့ ..စက်မှုဇုန်ထုတ်ကား ၇၆၆ စီးကို စည်းကမ်းသတ်မှတ်ချက်နဲ့ကိုက်ညီမှုမရှိဘူးဆိုပြီး ဒါဏ်ငွေရိုက်ပါတယ်
ဒဏ်ကြေးကျသင့်ငွေကို ဒေါ်လာငွေနဲ့ ပေးချေရန်အမိန့်ထုတ်ခဲ့ပါတယ် ခင်ဗျ ..ကားတစီးအတွက် အနိမ့်ဆုံးဒဏ်ကြေးက ဒေါ်လာ ၁၃၀၀၀/ ဖြစ်ပြီး
အမြင့်ဆုံးက ဒေါ်လာ ၂သောင်းဒဏ်ကြေးဆိုတော့...ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ဈေးကွက်ထဲမှာဝယ်လိုအားတက်လာမှာဖြစ်တဲ့အပြင်
ကြက်ဆူအုပ်စုရဲ့ ဘဏ်တိုက်ထဲကို အဲဒီဒေါ်လာတွေက အလိုလိုဝင်ရောက်သွားမှာဖြစ်ပါတယ်ခင်ဗျား.....

ကြက်ဆူအုပ်စုကတော့ကားတစီးတည်ဆောက်တာ လွယ်ကူမှာပါ တံဆိတ်ကလေးကပ်ခွာလုပ်ရုံကလေး လို့ထင်နေကြတာကိုးခင်ဗျ ..ရွှေမြိုင်အောင်
စပ်စုမိသလောက် ကားတစီးမှာဆိုရင်အင်ဂျင်ခန်းကအစ လူထိုင်တဲ့ထိုင်ခုံအဆုံး တိုလီမိုလီအစိတ်အပိုင်းအားလုံးပေါင်း ၂သောင်းကျော်ရှိပါတယ်
ပစ်ကပ်ကားဆိုရင်တောင်မှ အစိတ်အပိုင်းပေါင်း ၁သောင်း ၇ထောင်ဝန်းကျင်ရှိပါတယ်ခင်ဗျား.....

ဒီလိုများပြားလှတဲ့ကားတစီးရဲ့ အစိတ်အပိုင်းတွေထဲကမှ ရွှေနိုင်ငံကြီးမှာ ဘယ်လောက်ရာခိုင်နှုန်း ကိုယ်တိုင်ထုတ်နိုင်လို့  စက်မှုဇုန် ကားထုတ်လုပ်ရေး
ဆိုပြီး ဆိုင်းဘုတ်တွေချိတ်ဆွဲထားသလဲလို့ ရွှေမြိုင်အောင်မေးချင်ပါတယ်ခင်ဗျား .....

အခုလဲလာပြန်ပြီ နောက်တမျိုး ..ရွှေနိုင်ငံတော်ကြီးမှာ လောင်စာစွမ်းအင်မသုံးပဲ ပြန်လည်အားဖြည့်လျှပ်စစ်စွမ်းအင်သုံးမဲ့ လျှပ်စစ်ကားဆိုတာကို
ဈေးကွက်ထဲရေင်းနိုင်အောင်ထုတ်တော့မယ်တဲ့ခင်ဗျ ..တတန်ထရပ်နဲ့ ၆ယောက်စီး ၀က်ဂွန်ကားတွေကို တရုတ်နဲ့ အမေရိကန်နိုင်ငံက ယာဉ်ကိုယ်
ထည်တွေနဲ့ လျှပ်စစ်ဆိုင်ရာနည်းပညာရပ်တွေကိုရယူပြီး လုပ်ဆောင်နေပါသတဲ့ ..အဲဒီလျှပ်စစ်စွမ်းအင်သုံးကားတွေကို တစီးလျှင်ကျပ်သိန်း ၈၀နှုန်းနဲ့
ရောင်းပေးမယ်လို့ဆိုပါတယ်ခင်ဗျား .....

ဂျပန်နိုင်ငံမှာ လျှပ်စစ်စွမ်းအင်သီးသန့်အသုံးပြုပြီး မောင်းနိုင်မဲ့ကားကိုတီထွင်နေပြီး ရွှေနိုင်ငံသုံးကျပ်ငွေ သိန်း ၁၅၀နဲ့ညီမျှတဲ့ ဂျပန်ယန်းငွေနဲ့ ရောင်း
မယ်လို့ကြော်ငြာထဲမှာတွေ့လိုက်ရတယ်ခင်ဗျ ..ရွှေနိုင်ငံကသတင်းနဲ့ ဂျပန်ကကြော်ါငြာ ၂ခုကို တွေ့ပြီးတဲ့အခါ ရွှေမြိုင်အောင် တယောက် စဉ်းစားခန်း
စဖွင့်ပါတယ်ခင်ဗျ ..ရွှေနိုင်ငံတော်ကြီးကနေ ကျပ်သိန်း ၈၀ တန်ကားကို နိပွန်နိုင်ငံကိုတင်သွင်းရောင်းချလို့ရရင် ပေါ့နော် .....

ရခဲ့ရင်တော့ အခုသူများဆီမှာ "ဘိုင်တို " လို့ဂျပန်လိုခေါ်တဲ့ အချိန်ပိုင်းလုပ်နေတာထက်ပိုပြီး အကျိုးအမြတ်ရ နိုင်မယ်လို့ယူဆတယ်ပေါ့ဗျာ ..ဒါဆိုရင်
ရွှေနိုင်ငံတော်ကြီးကိုပြန်ပြီး ပေါင်းစားရင်တော့ ကိုက်မယ်လို့စဉ်းစားမိပါတယ်ခင်ဗျား .....

ရွှေမြိုင်အောင် စဉ်းစားခန်းဖွင့်နေတဲ့အချိန် ကြက်ဆူသမတမင်း ကလဲ အကြောင်းကြောင်းကြောင့် ရွှေနိုင်ငံပြင်ပရောက်နေသူရွှေ တွေအနေနဲ့ ပြည်တော်
ပြန်ဝင်မယ်ဆိုရင် စဉ်းစားပေးမယ်ဆိုတော့ ရွှေမြိုင်အောင်ရဲ့ စဉ်းစားခန်းလေးဟာ ရုပ်လုံးပိုပေါ်လာပြီး အိပ်မက်မက် ဖို့ပိုကောင်းလာခဲ့ပါတယ်ခင်ဗျား .....

ရွှေမြိုင်အောင်ပြည်တော်ပြန်ဘို့ စဉ်းစားတယ်ဆိုလို့ နှာခေါင်းရှုံ့ချင်ကြတယ်လား ... ပြည်တော်ပြန်ခဲ့တဲ့ သမိုင်းဟာ ဂျပန်မှာယခင်ကတည်းကရှိခဲ့ပါ
သော်ကောခင်ဗျာ ..ဂျပန်ရှိမြန်မာ့အဖွဲ့အစည်း (B A I J ) ရဲ့ဥက္ကဌ နဲ့အထွေထွေအတွင်းရေးမှူးရာထူးရှိသူတို့ဟာ ၁၉၉၂ ခုနှစ်က ဂျပန်နိုင်ငံမှ
ဒုက္ခဿည်အဖြစ်အသိအမှတ်ပြုခံခဲ့ရပြီး ကြက်ဆူထောက်လှမ်းရေးတပ်ရဲ့ ရင်ငွေ့ကိုခိုလှုံဘို့အတွက် ၁၉၉၈ မှာပြည်တော်ကိုပြန်ဝင်သွားခဲ့ပါတယ်ခင်ဗျား.....

ပြန်ဝင်သွားတဲ့အကြောင်းပြချက်ကတော့ သမီး ၂ယောက်ကိုမတွေ့ရတာ ၁၀နှစ်ကြာနေပြီဖြစ်လို့ပါတဲ့ခင်ဗျား..  ရွှေနိုင်ငံတော်ကြီးကို ပြန်ရောက်ပြီးမှ 
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သွယ်ဝိုက်ပြီးဆော်ပလော်တီးတဲ့ဆောင်းပါးကို ရွှေနိုင်ငံထုတ် သတင်းစာတွေထဲမှာ ရေးခဲ့ပါတယ်
အဲဒီလိုရေးခဲ့တဲ့အတွက် ကြက်ဆူအုပ်စုထံကဘယ်လိုအကျိုး အမြတ်နဲ့ လုပ်ပိုင်ခွင့်တွေရခဲ့တယ်ဆိုတာ ကာယကံရှင်တွေသာအသိဆုံးဖြစ်မှာဖြစ်သလို
အဲဒီအခွင့်အရေးတွေကိုဘယ်အချိန် ဘယ်ကာလအထိ ရခဲ့တယ်ဆိုတာကိုလဲ ကာယကံရှင်တွေ သာပိုသိမှာပါခင်ဗျား.....

ထိုင်နေရင်အကောင်းသား ထသွားမှကျိုးမှန်းသိ လို့ မဆိုချင်ပါ ပျံလေတဲ့ငှက်ခါး နားမှမှားမှန်းသိ လို့လဲမပြောရက်ပါခင်ဗျား ..သူ့ပိုင်နက်ထဲရောက်သွား
ပြီးမှတော့အချိန်မရွေး အိမ်တံခါးလာခေါက်နိုင်ခွင့် သူတို့မှာရှိပြီးသားမဟုတ်လား ..တရားဥပဒေစိုးမိုးမှုဆိုတာလဲ  ရွှေနိုင်ငံကဗီဒီယို တိတ်ခွေတွေ ဗီစီဒီ
အခွေတွေရဲ့အစမှာသာ မြင်ရတွေ့ရတာဆိုတော့ ပြည်တော်ပြန်ဝင်မယ်ဆိုရင် "နားလေတဲ့ငှက်  ပြန်သွားတော့ဟင်းဖြစ်ရတတ်သည်" ဆိုတဲ့စာသား
လေးကိုမှတ်သွားစေချင်ပါရဲ့ ခင်ဗျား.....

(ရွှေမြိုင်အောင်)

Wednesday, September 7, 2011

သက်တော်ရာေ​ကျာ်ရှည်စေေ​သာ်...

                                                            (၁)
ရွှေနိုင်ငံတော်မှာကြက်ဆူစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းနှစ်တွေမှာ ပတ်စပို့လျောက်သူတွေများလာခဲ့ပြီး အဆင်ပြေရာနိုင်ငံတွေကို
အလုပ်လုပ်ဘို့ ပိုက်ဆံရှာဘို့ရည်ရွယ်ချက်နဲ့ထွက်ခွာ သွားကြတယ်ခင်ဗျ .....

အဲဒီလိုနိုင်ငံခြားထွက်ကြရတာဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့တဲ့အတွက် အလုပ်အကိုင် ရှားပါးလာလို့ မဟုတ်ရကြောင်း
ပါ ..တချို့ကပြောဦးမယ် ပတ်စပို့နဲ့ထွက်တဲ့သူအရေအတွက်ထက်ကို  နယ်စပ်လမ်းကြောင်းကနေ အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက် အလုပ်
လုပ်ကြသူတွေ ကပိုများတယ်ဆိုပြီးတော့ပေါ့.....

ရွှေမြိုင်အောင်မငြင်းလိုပါခင်ဗျား..နယ်စပ်ကနေ ထွက်ပြီးအလုပ်သွားလုပ်နေကြတာဟာ အခုအချိန်မှ သွားကြတာမဟုတ်ပါဘူး ..၁၉၇၀ ခုနှစ်
ဝန်းကျင် မှောင်ခိုခေတ် လောက်ကတည်းက  ထိုင်း မလေးရှားပီနန် ကျွန်း နဲ့ စင်္ကာပူတို့ကို ကုန်းလမ်း ရေလမ်းတွေကနေတဆင့်သွားလာ
ကုန်ကူးရင်း အလုပ်လုပ်နေကြသူတွေရှိခဲ့ပါတယ် အခုထိလဲရှိနေတုန်းပါ.....

ပိုဆိုးလာတာက ကြက်ဆူစစ်တပ်ရဲ့ လူုမျိုးပြုန်းစစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်သမားဖြစ်နေကြသူတွေ
လဲမနည်းပါဘူး ဒါဟာစီးပွားရေးပိတ်ဆို့တာတခုထဲကြောင့်လို့နားရွက်ပိတ်ပြီးငြင်းလို့မရပါခင်ဗျား.....

                                         
                                                            (၂)
၁၉၉၀ ခုနှစ်လောက်က ရွှေမြိုင်အောင်ရဲ့မိတ်ဆွေတစ်ယောက် ဆိုရင် ရွှေပတ်စပို့စာအုပ်ကြီးကိုကိုင်လို့ ရွှေမြိုင်အောင်တို့တတိယတန်းကျောင်းစာထဲမှာ
သင်ခဲ့ရတဲ့ တခါက အရှေ့တောင်အာရှမှာအကြီးဆုံးဆိုတဲ့ မင်္ဂလာဒုံလေယာဉ်ကွင်းကနေထွက်ခွာလာခဲ့ပါတယ် ..ဟိုနိုင်ငံကိုသွားရမလိုလို ဒီနိုင်ငံကို
ကူးရမလိုနဲ့ ထုံးစံအတိုင်း ဘန်ကော်မှာပဲသောင်တင်နေပါရော ..ရှိထားတဲ့ဗီဇာသက်တမ်းကကုန်တော့ မလေးရှားဘက်စတေးရှောင် ပြီး ဘန်ကောက်
မှာပြန်နေတယ်တဲ့ခင်ဗျ.....

အဲဒီလိုမျိုး မလေးရှား ထိုင်းနဲ့ စင်္ကာပူနိုင်ငံတို့ကို ဟိုနိုင်ငံကိုဝင် ဒီနိုင်ငံကထွက်..၀င်လိုက်ထွက်လိုက်နဲ့ စတေးရှောင်နေရင်း တခြားသူတွေကအကြံ
ပေးတာနဲ့ ထိုင်းနယ်စပ်ကနေတဆင့် လာအိုနိုင်ငံကိုစတေးသွားရှောင်ပါတယ် ..လာအိုနိုင်ငံရဲ့နယ်စပ်က အင်မီဂရေးရှင်းကောင်တာမှာ ပတ်စပို့စာအုပ်
ကိုတင်လိုက်တယ်ဆိုရင်ပဲ ...

လာအိုအင်မီဂရေးရှင်းအရာရှိက ''လာအိုနိုင်ငံကိုဝင်ရောက်ဘို့ မင်းမှာငွေဘယ်လောက်ပါသလဲ " ဆိုပြီး ရှိုးမန်းနီးပြခိုင်းတယ်တဲ့ခင်ဗျား... ရွှေမြိုင်အောင်ရဲ့
မိတ်ဆွေလဲ "ရွှေနိုင်ငံက ရွှေပတ်စပို့ကိုင်ရတာ တော်တော်မျက်နှာငယ်ပါလား ..လာအိုလိုနိုင်ငံကတောင် ရှိုးမန်းနီးပြခိုင်းတာကိုခံရတဲ့အဖြစ် ဆိုတော့ နေနှင့်
ဦးပေါ့ကွာ ဒို့တိုင်းပြည်အစိုးရမှမကောင်းတာ .."လို့ရင်ထဲမှာခံစားရင်း ဝေဒနာတွေ တပွေ့တပိုက်ရခဲ့တယ်တဲ့ခင်ဗျား.....

ရွှေမြိုင်အောင်ရဲ့မိတ်ဆွေဟာ နောက်ဆုံးတော့ စင်္ကာပူနိုင်ငံမှာ အလုပ်ရခဲ့ပြီး နှစ်တွေအတော်ကြာတဲ့ အခါ ရွှေနိုင်ငံတော်ကြီးဆီ ခေတ္တပြန်ဘို့အတွက် စီစဉ်
တယ်တဲ့ခင်ဗျ ..ရွှေနိုင်ငံတော်ကြီးဆီ ခေတ္တပြန်မဲ့မိတ်ဆွေနဲ့ရင်းနှီးတဲ့ စင်္ကာပူနိုင်ငံသားတယောက်ကို စင်္ကာပူလေဆိပ်မှာတွေ့တော့ စင်္ကာပူနိုင်ငံသားက
''မင်းတို့လေဆိပ်ရောက်ရင် ငါ့ကိုစောင့်ဦးနော်.."လို့မှာတော့ ရွှေမြိုင်အောင်ရဲ့မိတ်ဆွေစိတ်ထဲမှာ သူများနိုင်ငံတွေကိုဝင်တိုင်းစစ်ဆေးမေးမြန်းတာတွေခံရ
ပြီး အချိန်အကြာကြီးစောင့်ပြီးမှ နောက်ဆုံးကအမြဲဝင်ရတယ် ဒီတခါကိုယ့်နိုင်ငံကိုယ်ပြန်တာပဲ  လေဆိပ်ကနေအရင်ဆုံးထွက်ပြီး စင်္ကာပူအသိကိုစောင့်နေ
မယ်လို့တွေးမိပြီး  OKလို့ လက်မထောင်ရင်ကော့ပြီးပြောခဲ့တယ်တဲ့ခင်ဗျား.....

ရွှေနိုင်ငံတော်ကိုစီးလာတဲ့လေယာဉ်ဆိုက်ပြီး လေဆိပ်ထဲဝင်လိုက်တယ်ဆိုရင်ပဲ "ရွှေဆိုရင်ဒီကိုလာ" ဆိုပြီးခေါ်တဲ့ အသံနောက်ကိုလိုက်သွားတယ်ခင်ဗျ ..
ပတ်စပို့စာအုပ်တွေ ခွင့်စာတွေ နိုင်ငံခြားက ရွှေအခွန်ရုံးမှာအခွန်ဆောင်ခဲ့တဲ့စာရွက်တွေကိုထုတ်ပြ  နာမည် နေရပ်လိပ်စာ မှတ်ပုံတင်နံပါတ်တွေရေးပေးပြီး
"ဆေးလိပ်လေးဘာလေးပါရင် ပေးခဲ့ဦး.."ဆိုလို့ ပါလာတဲ့ဆေးလိပ်ဘူးထဲက အနည်းငယ်ပေးခဲ့တယ်တဲ့ခင်ဗျ.....

ဆေးလိပ်လဲပေးလိုက်ရော ပတ်စပို့တွေ ခွင့်စာတွေကိုဒီအတိုင်းပြန်ပေးလို့ ပတ်စပို့မှာတုံးမထုဘူးလားမေးလိုက်တော့ ပတ်စပို့မှာတုံးထုဘို့ လ၀က ကောင်
တာကိုသွားလို့ပြန်ပြောပါတယ် ..ဒါဆိုခင်ဗျားတို့ကဘာတွေလဲဆိုတော့ ''ရွှေနိုင်ငံသားတွေ ပြန်လာတာကိုစာရင်းကောက်တဲ့ ကြံ့ဖွတ်အဖွဲ့ကတာဝန်ရှိသူတွေ
တဲ့" ခင်ဗျား.....

ကြုံရတဲ့သူအတွက်ကအံ့ဘွယ်သုတပါပဲနော် ဘယ့်နှယ်ဗျာတာဝန်ရှိ ၀န်ထမ်းလဲမဟုတ်ပဲ ကြက်ဆူမင်းများအားပေးအားမြှောက်ပြုထားတဲ့အဖွဲ့အစည်းက
တရားဝင်တောင်းစားခွင့်လိုင်စင်ကိုရထားတာရွှေနိုင်ငံတော်ကြီးမှာပဲ ရှိမယ်ထင်ပါရဲ့ဗျာ... ဟုတ်တယ်ဟုတ်.....

မိတ်ဆွေလဲ လ၀က ကောင်တာကိုဖြတ် ..ပေးစရာရှိတာကိုပေးပြီး ပတ်စပို့စာအုပ်မှာ အ၀င်တုံးကိုထု ..အကောက်ခွန်ကောင်တာမှာရှင်းစရာရှိတာကိုရှင်း
ပြီးနောက် လေဆိပ်ထဲကထွက်ခဲ့ရပါတယ် ..အိမ်ကလာကြိုတဲ့သူကို စင်္ကာပူနိုင်ငံသားရဲ့ပုံပန်းသဏ္ဍန်ကိုပြောပြပြီးမေးကြည့်တော့ လေယာဉ်ဆိုက်ပြီး
မကြာမီပဲထွက်သွားပြီလို့ဖြေပါတယ်ခင်ဗျား .....

ကိုယ့်ရဲ့တိုင်းပြည်ကို ကိုယ်ပြန်လာသည့်တိုင်အောင် နိုင်ငံခြားသားထက် ၁နာရီလောက်နောက်ကျပြီးမှလေဆိပ်အပြင်ကိုထွက်ရတဲ့အတွေ့အကြုံကို ရွှေမြိုင်အောင်ရဲ့မိတ်ဆွေ ကောင်းကောင်းကြီးရရှိလိုက်ပါတယ်ခင်ဗျာ.....

                                                         (၃)

လာအိုအကြောင်းဆက်ပြောပါ့မယ် ..ရွှေမြိုင်အောင်ရဲ့ မိတ်ဆွေကို ဝေဒနာတွေတပွေ့တပိုက်ပေးခဲ့ဘူးတဲ့ လာအိုနိုင်ငံဆိုတာ ကမ္ဘာပေါ်မှာအနည်းငယ်သာ
ကျန်ရှိတော့တဲ့ ကွန်မြူနစ်နိုင်ငံတခုဖြစ်ပြီး အရှေ့အာရှရဲ့ အဆင်းရဲဆုံးသောနိုင်ငံတခုဖြစ်ပါတယ်  ဒါပေမဲ့အစိုးရပိုင်းကဦးဆောင်လို့ စီးပွားရေးအဆင့်အတန်း
တိုးမြှင့်မှုကိုပြုလုပ်ခဲ့ရာမှာ  ၁၉၉၀ခုနှစ်ကကနေ နိုင်ငံအတွင်းရှိဆင်းရဲမွဲတေမှုကို အဆင့်တခု အတိုင်းအတာတခုအထိလျော့ချနိုင်ခဲ့ပါတယ် ..ဒါဟာဆို
ရွှေနိုင်ငံကကြက်ဆူအုပ်စုနဲ့ ဆန့်ကျင်ဘက် အချိုးကျနေတယ်ခင်ဗျ..ဘယ်လိုမျိုးဆန့်ကျင်ဘက်အချိုးကျသလဲဆိုရင်.......

၁၉၈၈ စက်တင်ဘာလအာဏာသိမ်းပြီးတဲ့အချိန်ကစလို့ ရွှေနိုင်ငံတော်မှာ ဆင်းရဲသူပိုများလာပါတယ် ..အသစ်တက်လာတဲ့ ကြက်ဆူအစိုးရသစ်ကအခုမှ ရွှေနိုင်ငံမှာ
ဆင်းရဲမွဲတေမှု ပပျောက်ရေးစီမံကိန်းကို စလုပ်ဘို့ကြံစီနေတုန်းပဲရှိပါသေးတယ် ..လာအိုနိုင်ငံထက်အနှစ် ၂၀ နောက်ကျနေပါပြီ သံဝေဂရစရာပါခင်ဗျား.....

လာအိုနိုင်ငံမှာ မဲခေါင်မြစ်ကိုမှီခိုပြီး ဘ၀ကိုရပ်တည်နေသူ အသက်မွေးဝမ်းကြောင်းပြုနေသူတွေများပါတယ်  ရွှေနိုင်ငံတော်ကဧရာဝတီမြစ်ကြီးလိုပေါ့ခင်ဗျာ
လာအိုနိုင်ငံရဲ့ မဲခေါင်မြစ်အောက်ပိုင်းမှာတည်ဆောက်မဲ့ ဇယဘူရီ ရေကာတာစီမံကိန်းကြောင့်ရရှိလာမဲ့ ဆိုးကျိုးတွေကို စုပေါင်းတင်ပြ ကန့်ကွက်ပြီး ပြန်လည်
သုံးသပ်မှုတွေပြုလုပ်ပေးဘို့တောင်းဆိုခဲ့ကြလို့၂၀၁၁ ဇူလိုင်လအတွင်းက ဆည်တည်ဆောက်ဘို့အစီအစဉ်ကိုရပ်ဆိုင်းခဲ့ပါတယ်ခင်ဗျာ.....

ရွှေနိုင်ငံရဲ့သဘာဝအလှနဲ့ သဘာဝအရင်းအမြစ်တွေကိုပျက်စီးနိုင်ပြီး မှီခိုနေသူတွေကို အတိဒုက္ခရောက်စေနိုင်တဲ့ ဧရာဝတီမြစ်ပေါ်မှာ မြစ်ဆုံဆည်ကြီး
ဆော က်မဲ့ ကိစ္စကို ၀ိုင်းဝန်းတားဆီးဘို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်ခင်ဗျား.....

                                                        (၄)

 အခုဆိုရင်လာအိုနိုင်ငံမှာ ၂၀၁၁ ဇန္န၀ါရီလ ၁၁ရက်နေ့ကစလို့  Stock Exchange Market စတော့ရှယ်ယာဈေးကွက်တခုကို ကုမ္ပဏီ ၂ခုနဲ့စတင်ဖွင့်လိုက်နိုင်
ခဲ့တာဟာ ရွှေနိုင်ငံတော်ကြီးက ကြက်ဆူသူဌေးမင်းအပေါင်းကိုရင်ထဲ ကလိ ကလိ ဖြစ်စေခဲ့ပါရောလားခင်ဗျာ.....

ကမ္ဘောဒီးယားမှာဆို ၂၀၀၉ ခုနှစ်ကစလို့ စတော့ဈေးကွက်ကိုအသက်သွင်းပေးခဲ့ပြီး ၂၀၁၂ခုနှစ်မှာ ကုမ္ပဏီ ၁၅ ခုကနေ ၂၅ခုအထိတိုးချဲ့နိုင်အောင်လုပ်
်ဆောင်နေပါတယ်ခင်ဗျာ .....

၂၀၁၅ ခုနှစ်မှာစတင်မဲ့ အာစီယံဧ။် လွတ်လပ်စွာကုန်သွယ်မှုဧရိယာ (AFTA) စည်းမျဉ်းများအရ  အာစီယံနိုင်ငံအချင်းချင်း ဘဏ်လုပ်ငန်းများချိတ်ဆက်
လုပ်ဆောင်ရမှာဖြစ်သလို စတော့ရှယ်ယာများကိုလဲ နိုင်ငံတိုင်းမှ လွတ်လပ်စွာဝယ်ယူနိုင်လိမ့်မယ်လို့ ဆိုပါတယ် အာစီယံဘဏ်အချင်းချင်းဆက်သွယ်လုပ်ဆောင်
နိုင်ဘို့ ရွှေနိုင်ငံတော်ကြီးမှာသုံးစွဲနေတဲ့ နိုင်ငံခြားငွေလဲလှယ်နှုံးမှာ အမေရိကန် ၁ဒေါ်လာညီမျှခြင်း ရွှေနိုင်ငံသုံးငွေ ၆ကျပ်ခွဲဆိုတာနဲ့အလုပ်မဖြစ်သလို ကြားခံ
ငွေ(ပါယား) FEC ကိုဆက်လက်အသုံးပြုနေခြင်းအားဖြင့်  ရွှေနိုင်ငံတော်ကြီးမှာ ငွေကြေးတန်ဘိုးမတည်ငြိမ်ကြောင်းဝန်ခံနေတာဖြစ်တဲ့အတွက် FEC သုံးနေ
တာကိုလဲရပ်ဆိုင်းရမှာပါခင်ဗျား.....

နောက်တခုက အရှေ့တောင်အာရှ ၁၀နိုင်ငံထဲမှာမှ ATM ငွေထုတ်စက်မရှိတဲ့ ရှားရှားပါးပါးသရဖူကိုလဲ ချောင်ထဲမှာပစ်ထားနိုင်အောင်အမြန်ဆုံးလုပ်ဆောင်
ရမဲ့ကိစ္စပါခင်ဗျား.....

ရွှေနိုင်ငံတော်ကြီးမှာ ကမ္ဘာ့အဆင့်မှီ စတော့အိတ်ချိန်းမားကက်ကြီးဖြစ်တည်ဘို့ ပထမအဆင့်အနေနဲ့ အာစီယံစံချိန်မှီ စတော့အိတ်ချိန်းဈေးကွက်၂ခုကို ရွှေဂုန်
နဲ့ ရွှေမန်းမြို့တော်ဟောင်း၂မြို့မှာ လာမဲ့ ၄နှစ် ၅နှစ်အတွင်းအကောင်အထည်ဖေါ်ဘို့  ထိုင်းမှနာမည်ကြီးဘဏ်တခုဖြစ်တဲ့ Export Import Bank of Thailand
နဲ့ဆွေးနွေးနေဆဲကာလဖြစ်ပါတယ်တျဲ့..အခုမှဆွေးနွေးဆဲပါခင်ဗျား.....

                                                          (၅)
၁၉၉၉ ဇန္န၀ါရီလကစလို့ ၂၀၀၂ခုဇန္န၀ါရီလအထိ ဇနီးဖြစ်သူနဲ့အတူ နိုင်ငံပေါင်း ၁၆၆နိုင်ငံ..အကွာအဝေးကီလိုမီတာ ၂သိန်း၎သောင်း ၅ထောင် ခရီးဆန့်ခဲ့သူအဖြစ်
ကမ္ဘာ့ ဂင်းနစ်မှတ်တမ်းဝင်သူ Mr James Rogers Jr ခေါ် Mr Jim Roger ဆိုတဲ့ စင်္ကာပူနိုင်ငံမှာနေထိုင်ပြီး Roger Holding နဲ့ Beeland Interest Inc: ကုမ္ပဏီ
တို့ကိုပိုင်ဆိုင်သော စီးပွားရေးကျွမ်းကျင်သူဆရာကြီးက ရွှေနိုင်ငံတော်မှာ စတော့အိတ်ချိန်းဈေးကွက်ဖွင့်ရင် မိနစ်ပိုင်းအတွင်းမှာပဲအရင်ဝယ်ပစ်မယ်လို့ဆိုပါတယ်ခင်ဗျား...

သိပ်ကြိုက်တာပေါ့ဗျာ ..ကြက်ဆူအုပ်စုက ဒီလိုမျိုးလူတွေကိုစောင့်နေတာမဟုတ်လား ..

ကြက်ဆူဘုရင်ကြီးအုပ်ချုပ်ခဲ့တဲ့ရွှေနိုင်ငံတော်ကြီးမှာ လွန်ခဲ့တဲ့  ၈နှစ် ၉နှစ်လောက်က အစိုးရဘဏ်မဟုတ်တဲ့ အာရှဓနလိုဘဏ်မျိုးက အပ်ထား
တဲ့ငွေတွေပြန်ထုတ်မပေးပဲ ဒေ၀ါလီခံသွားတာမျိုးကို ဗဟိုဘဏ်က၀င်ပြီးကျားကန်ပေးတာမျိုး ရွှေနိုင်ငံတော်ကြီးမှာမရှိဘူးခင်ဗျ နင်တို့အချင်း
တရားစွဲပြီးရှင်းကြလို့သာ ခေါင်းရှောင်ပေးခဲ့ပါတယ်ခင်ဗျား.....

ရွှေနိုင်ငံတော်ကြီးမှာ စတော့ဈေးကွက်ဖွင့်တဲ့အချိန်ကျရင် Mr Jim Roger အနေနဲ့ ရှယ်ယာတွေ ၀ယ်ချင်ရင်ဝယ်လို့ရမှာဖြစ်ပေမဲ့ အ၀င်မလွယ်သလို
အထွက်လည်းခက်ပြီး  အ၀င်ရှိပေမဲ့ အထွက်လုံးဝမရှိတဲ့ ကြက်ဆူမင်းတို့ရဲ့မူအတိုင်းဆိုရင် ရှယ်ယာတွေပြန်ထုတ်ချင်ရင် သို့တည်းမဟုတ် မလိုချင်လို့
ရှယ်ယာတွေပြန်ရောင်းမလို့ဆိုရင်တော့ ....

၁၉၄၂ခုနှစ်အောက်တိုဘာလ ၁၉ရက်နေ့က အမေရိကန်နိုင်ငံမှာမွေးခဲ့တဲ့ Mr Jim Roger ခင်ဗျာ အခုဆိုရင်လူကြီးမင်းရဲ့အသက်ဟာ ၇၀ နားနီးနေ
ပါပြီ  ရွှေနိုင်ငံတော်ကြီးကနေရှယ်ယာတွေ ၀ယ်ပြီး ပြန်ရောင်းနိုင်တဲ့နေ့ရောက်အောင် အသက်ရာကျော်ရှည်ပါစေလို့ ရွှေမြိုင်အောင်ဆုတောင်း
ပေးနေပါ့မယ်ခင်ဗျား.....

(ရွှေမြိုင်အောင်)
                                                                                                                   

Saturday, August 13, 2011

အပွင့်အသီးစားပြီး ရင့်သီးစကားမဆိုစေချင်

၈၈ အရေးအခင်းရဲ့နောက်ပိုင်း ရွှေနိုင်ငံတော်ကြီးမှာ အပြောင်းအလဲတွေ ပြုပြင်တည်ဆောက်ရေးတွေအများကြီးရှိခဲ့ပါတယ် ..အပြောင်းအလဲက
တပါတီအာဏာရှင်စံနစ်ကနေ စစ်တပ်အုပ်ချုပ်တဲ့ အာဏာရှင်စံနစ်သို့ကူးပြောင်းသွားခြင်းဖြစ်သလို ..ပြုပြင်တည်ဆောက်ရေး ဆိုလို့ရှိရင် ရွှေမြို့တော်
ကြီးက ပျက်စီးနေတဲ့လမ်းတွေ ရဲ့ချိုင့်ခွက်တွေကို ဖာတယ် ထေးတယ် ကတ္တရာလောင်းတာတွေလုပ်ကြပါတယ်ခင်ဗျား .....

ရွှေမြို့တော်ကြီးကိုလဲ မြို့တော်င်္အါရပ်နဲ့ညီအောင်ဆိုပြီး ပလက်ဖေါင်းမြောင်းဖုံးအဟောင်းတွေ နေရာမှာမြောင်းဖုံးအသစ်တွေပြုလုပ်တတ်ဆင် စေခဲ့ပါတယ် ..အဲဒီတော့
ကွန်ကရစ်နဲ့လုပ်ထားတဲ့ရေမြောင်းအဖုံးအဟောင်းတွေ ဖျက်ဘို့နဲ့ ကွန်ကရစ်ရေမြောင်းအဖုံး အသစ်ပြုလုပ်တတ်ဆင်ဘို့ အတွက်ကို ကန်ထရိုက်
လုပ်ငန်းတွေ ချပေးခဲ့တယ်ခင်ဗျ ..ရွှေနိုင်ငံတော်ကြီးမှာ ကန်ထရိုက်လုပ်ငန်းချပေးတယ်ဆိုတာက လက်သင့်ရာစားတော်ခေါ်သလို ကြက်ဆူအုပ်စု
နဲ့နီးစပ်ရာတွေ သာ ကန်ထရိုက်ရကြတာပါခင်ဗျာ.....

ကန်ထရိုက်လုပ်ငန်းတွေရကြတော့ တဆင့် တဆင့်နဲ့ လက်လွှဲရောင်းချကြတယ်ပေါ့ခင်ဗျာ ..ဒီလိုနဲ့ပဲ ဆပ်ကန်ထရိုက်တာတွေ ဆပ်ဆပ်ကန်ထရိုက်တာတွေ
ဘယ်နှစ်ဆပ်မှန်းမသိတဲ့ ကန်ထရိုက်တာတွေဟာ ရွှေမြို့တော်ကြီးရဲ့ ရေမြောင်းအဖုံး ဖျက်ဆီးနဲ့ ပြုလုပ်တပ်ဆင်ရေး ပရောဂျက်ကြီးတွေမှာ လုပ်ငန်းတွေရ
ခဲ့ကြပြီး သူ့ထက်ငါ အလျှင်အမြန်ပြီးအောင် နေ့အဆိုင်း ညအဆိုင်းတွေနဲ့ ခွဲလို့ ကြိုးစား လုပ်ကြတယ်ပေါ့ခင်ဗျာ .....

အချို့ ဘယ်လောက်ထိမြန်သလဲဆိုရင် ညဘက်မှာ မြောင်းဖုံးအဟောင်းတွေကိုဖျက်ပြီး လော်လီကားတွေနဲ့ သယ်ထုတ်သွားသလို နေ့ပိုင်းမှာ ကွန်ကရစ်
အသင့်လောင်းပြီးသား မြောင်းဖုံးအသစ်တွေကို ညကဖျက်လိုက်လို့ နေရာလွတ်သွားတဲ့မြောင်းဖုံးတွေနေရာမှာ ပြန်ပြီးတတ်ဆင်ပါတယ်ခင်ဗျား.....

အဲဒီလို အဟောင်းထုတ်လိုက် အသစ်ထည့်လိုက်လုပ်နေတဲ့လုပ်ငန်းဟာ သုံးရက်လောက်ကြာတော့ အသစ်ထည့်ဘို့အလျှင်မမှီဘူးဖြစ်လာပါလေရောခင်ဗျ
..ဘာကြောင့်မမှီရသလဲဆိုတော့ ကွန်ကရစ်တခါလောင်းပြီးသွားရင် ကွန်ကရစ်အသားသေအောင် စောင့်ရတဲ့ သတ်မှတ်ရက်ရှိပါတယ်.. သတ်မှတ်ရက်
မပြည့်ခင် ကျောက်ပုံးလို့ခေါ်တဲ့ပုံစံခွက်ကို ခွာလိုက်ရင် ကွန်ကရစ်ဟာ အားလျော့တတ်ပြီး ထိခိုက်ပျက်စီးလွယ်စေတတ်လို့ပါ .....

အဲဒီတော့ အမြန်လဲံပြီးအောင် ပုစံခွက်ဖြုတ်ခွာရတဲ့ဒုက္ခကလဲ ကင်းဝေးအောင် အတွက် ရွှေနိုင်ငံတော်ကြီးက ကန်ထရိုက်တာတွေ ဆပ်ဆပ်ကန်ထရိုက်တာတွေက ရွှေဥာဏ်တော်စူးရောက်စွာနဲ့ ရေမြောင်းထဲမှာဒေါက်တိုင်တွေထောက် ..ဒေါက်တိုင်တွေပေါ်မှာ ၀ါးကပ်ပြားတွေကိုခင်း..
ဝါးကပ်ပြားတွေရဲ့ အပေါ်မှာမှ ကွန်ကရစ်လို့ခေါ်တဲ့ဟာတွေကိုလောင်းပါတယ်ခင်ဗျား .....

ကွန်ကရစ်လို့ခေါ်တဲ့ဟာတွေလို့ ရွှေမြိုင်အောင်ပြောတာအကြောင်းရှိပါတယ် စာရှုသူခင်ဗျာ ..ကွန်ကရစ်ဆိုတာ ဘိလပ်မြေရယ် ကျောက်စရစ်ရယ် သဲရယ်
အချိုးအစား စံညွှန်းသတ်မှတ်ချက်အတိုင်း ပါဝင်နေရမှာဖြစ်ပေမဲ့ ..ရွှေနိုင်ငံတော်ကြီးရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေက ကွန်ကရစ်မှာဘိလပ်မြေဆိုတာက
ရှက်တတ်တဲ့လူုပျိုကြီး ဟာ မိန်းကလေးတွေနဲ့ မရောတတ်သလိုမျိုး ပေါ့ခင်ဗျာ ..ပါးပါးလေးပဲရောတတ်လို့ပါခင်ဗျ .....

ထိုကဲ့သို့ ..ထိုကဲ့သို့ မြောင်းဖုံးတွေကို ကွန်ကရစ်လောင်းပြီးသကာလ သတ်မှတ်ကွန်ကရစ်အသားသေရက်ပြည့်ပြီးသွားသည့်တိုင်အောင် ရေမြောင်းထဲကသစ်သားဒေါက်တိုင်တွေ ရယ် ၀ါးကပ်ပြားတွေရယ်ကို ဘယ်ကန်ထရိုက် ဆပ်ဆပ်ဆပ် ကန်ထရိုက်ကမှ ပြန်ပြီးဖြုတ်တာ ခွာတာမရှိဘူး
ခင်ဗျား .....

ရေမြောင်းထဲကဒေါက်တိုင်တွေကိုမဖြုတ်ခဲ့လို့အမှိုက်တွေပိတ်တဲ့အကျိုးကိုနှစ်စဉ် မိုးရာသီရောက်တိုင်းရွှေမြို့တော်သားတွေဟာ ၀ါဆိုဝါခေါင်မှာကွယ်
ရွှေမိုးလေးတွေညိုတော့ချစ်တေးနှောခဲ့တာတွေ မလုပ်နိုင်ပဲ ကိုယ့်လမ်း ကိုယ့်အိမ်ထဲရေတွေဝင်လေမလားလို့စောင့်နေကြရပါတော့တယ်ခင်ဗျာ .....

၈၈အရေးအခင်းနောက်ပိုင်း အမျိုးသားစီးပွားရေးပြန်လည်ဦးမော့စေရေးဆိုတဲ့ခေါင်းစဉ်နဲ့ ကြက်ဆူအုပ်စုဟာ နိုင်ငံခြားကရင်းနှီးမြှုပ်နှံလိုသူတွေကိုဖိတ်ခေါ်ခဲ့ပါတယ် စီးပွားရေး
လုပ်ပိုင်ခွင့်ပေးခဲ့ပြီး သူတို့စကားအရ တံခါးဖွင့်ပေးလိုက်တယ်ဆိုတဲ့အသုံးအနှုံးကိုသုံးပါတယ် ..ရွှေမြိုင်အောင်နားလည်ခဲ့တာက အရှေ့ကတံခါးကိုဖွင့်ပေး
တာမဟုတ်ပါဘူးခင်ဗျာ  နောက်ဖေးပေါက်ကတံခါးမှာ အစောင့်ထားလို့ အစောင့်နဲ့အဆင်ပြေအောင်ညှိနှိုင်းလို့အောင်မြင်ရင် နောက်ဖေးပေါက်ကနေ
ဝင်ခွင့်ရတဲ့သဘောပါခင်ဗျား.....

ရွှေနိုင်ငံတော်ကြီးမှာ နိုင်ငံခြားကုမ္ပဏီတွေ သူ့ပစ္စည်း ကိုယ့်ပစ္စည်း အပြိုင်ရောင်းဝယ်ကြလို့ ရန်တွေဖြစ်ရင် မကောင်းဘူးလို့ကြက်ဆူအုပ်စုက ယူဆ
ထားတယ်ထင်ပါရဲ့ခင်ဗျာ ပစ္စည်းအမျိုးအစားတူရင် ကုမ္ပဏီတခုကိုပဲခွင့်ပြုပါတယ် သိကြတဲ့အတိုင်းပါ ပက်စီကိုလာဝင်ခွင့်ရတယ် ကိုကာကိုလာ မ၀င်ရ
ကွန်ပျူတာဆော့ဝဲအနေနဲ့ Apple ကုမ္ပဏီကိုဝင်ခွင့်ပြုခဲ့တယ် Microsoft အနားမသီနဲ့ ဒါပဲ ..အဲဒီလို အဲဒီလို ဆုံးဖြတ်တွေနဲ့ နောက်ဖေးပေါက်တံခါးဖွင့်
ပေးခဲ့သလို ပြည်တွင်းက ကြက်ဆူအုပ်စုနဲ့နီးစပ်တဲ့  ဆက်သွယ်ပေးကမ်းတဲ့ သူတွေသာလုပ်ငန်းတွေ လုပ်ပိုင်ခွင့်တွေ ရခဲ့ကြပါတယ်ခင်ဗျား.....

အဲဒီကမှတဆင့် ဂျပန်နိုင်ငံမှာ နွေဦးရာသီရောက်ရင် ပေါက်လာတတ်တဲ့မြက်ပင်တွေလို ကြက်ဆူသူဌေးမင်းတွေ လဲရွှေနိုင်ငံတော်ကြီးမှာ အလျှို အလျှို
ပေါ်လာခဲ့ပါတယ်ခင်ဗျာ .....

တလောက အီတလီသတင်းထောက်နဲ့ အင်တာဗျူးခဲ့တဲ့ ကြက်ဆူသူဌေးမင်းတယောက်က ရွှေနိုင်ငံတော်မှာ သူအချမ်းသာဆုံးဖြစ်ကြောင်းပြောခဲ့ပါတယ်
စီးပွားရေးပိတ်ဆို့လဲ သူအပါအ၀င် ကြက်ဆူဗိုလ်ချုပ်တွေအတွက် အေးအေးဆေးဆေးပဲ ဘာမှပြဿနာမရှိဘူးတဲ့ခင်ဗျ .. စင်္ကာပူဘဏ်က သူ့ဘဏ်
အကောင့်ကိုပိတ်လိုက်လို့ စိန့်တိုင်းပြည်နဲ့ အရှေ့အလယ်ပိုင်းက ဘဏ်တွေကို ရွှေ့လိုက်ရပေမဲ့အလုပ် ဖြစ်နေတုန်းပါပဲတဲ့ခင်ဗျား.....

လုပ်ငန်းမျိုးစုံကိုလုပ်ကိုင်ခွင့်ရထားတဲ့ ဒီကြက်ဆူသူဌေးမင်းက တပါတီထဲနဲ့လုပ်ချင်ရာလုပ်ပြီး တိုင်းပြည်ကိုအုပ်ချုပ်တာကိုသဘောတွေ့တယ်နဲ့ တူပါတယ်
 စင်္ကာပူနိုင်ငံမှာလဲတပါတီထဲရှိပါတယ်တဲ့ခင်ဗျာ...ကြက်ဆူသူဌေးမင်းတကယ်ပဲမသိတာလား  တပါတီစံနစ်ကိုအမွှန်းတင်ချင်လွန် လွန်းလို့ စကားပြော
လောသွားတာလားဆိုတာကိုယ်တိုင်မှပဲသိမယ်ခင်ဗျ... ဟုတ်တယ်ဟုတ်.....

စင်္ကာပူမှာ ၂၀၁၀ စက်တင်ဘာလအထိ တရားဝင်မှတ်ပုံတင်ထားတဲ့ပါတီပေါင်း ၂၈ ပါတီရှိပါတယ် အဲဒီပါတီတွေက ၂၀၁၁ မေလ ၇ရက်နေ့မှာကျင်းပတဲ့ စင်္ကာပူ ပါလီမန် ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဘို့ မှတ်ပုံတင်ခဲ့တယ်ဆိုပေမဲ့  ပါလီမန်အမတ်နေရာ ၈၇ နေရာအတွက် ပါတီ ၇ခုကသာ
ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး လက်ရှိအာဏာရ People's Action Party (PAP) ကအမတ်နေရာ ၈၁နေရာရခဲ့ပြီး အလုပ်သမားပါတီက ၆နေရာရယူ
သွားပါတယ်ခင်ဗျာ.....

၁၉၆၅ ခုနှစ်မှာ စင်္ကာပူနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၆၈ခုနှစ်ကနေ ၄နှစ်တကြိမ် ကျင်းပခဲ့တဲ့ ပါလီမန်ရွေးကောက်ပွဲတိုင်းမှာ PAP ပါတီဟာ ပြိုင်ဘက်ပါတီ
တွေအပေါ် အမြဲတန်းအနိုင်ရနေခဲ့လို့ တပါတီ စံနစ်ပါပဲလို့မှတ်ယူလို့မရပါ ..နောက်ပြီးသူတို့က မဲလိမ် မဲခိုး ကြိုတင်မဲတွေကြောင့် နိုင်တာမဟုတ်ပဲ
သူ့တိုင်းပြည်ကပြည်သူတွေရဲ့ ယုံကြည် ထောက်ခံလို့သာအနိုင်ရခဲ့တာဆိုတာလဲ ကြက်ဆူသူဌေးမင်းမှတ်သားစေချင်ပါတယ်ခင်ဗျား.....

အင်တာဗျူးထဲမှာ သူ့ရဲ့ အစာမကြေတဲ့အသံကိုဖတ်မိတယ်ခင်ဗျ ..စီးပွားရေးပိတ်ဆို့မှုပြုထားတဲ့အပေါ်လဲ အတော်ကြီးမကျေမနပ်ဖြစ်နေပုံရပါတယ်
စီးပွားရေးပိတ်ဆို့ထားလို့ရွှေနိုင်ငံက သဘာဝအရင်းအမြစ်တွေ ကို စိန့်တိုင်းပြည်ကိုပဲအောက်ဈေးနဲ့ရောင်းနေရတာကို သူအစာမကြဖြစ်နေရတယ်တဲ့
ဒီကြားထဲ သူနဲ့ စီးပွားပြိုင်ဘက်တယောက်က စိန့်တိုင်းပြည် အစိုးရအဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးကောင်းပြီး ကြက်ဆူအစိုးရနဲ့
စိန့်တိုင်းပြည်တို့ကို ကြားပွဲစားလုပ်ပေးနေတဲ့အပေါ်လဲ မရှုစမ့်နိုင်ဖြစ်နေပါတယ်ခင်ဗျား.....

မနာလိုမရှုစိမ့်နိုင်တဲ့အတွက်ကြောင့် စိန့်နိုင်ငံသားတွေဟာ ရွှေနိုင်ငံတော်မှာ နိုင်ငံသားခံယူပြီးသူတို့ကအချမ်းသာဆုံးလို့ဆိုပေမဲ့သူတို့တွေက ရွှေနိုင်ငံ
သားတွေမဟုတ်ဘူးဆိုတဲ့ ရူးကြောင်ကြောင် စကားတွေကိုလဲပြောနေပါပကော..ဥစ္စာရူးလို့ခေါ်မလား ဘ၀င်မြင့်ရူးလို့ခေါ်ရမလား ဘယ်လိုနာမည်တပ်
ရမှန်းမသိပေမဲ့ ရူးနေတာကတော့အမှန်ပါပဲခင်ဗျား.....

နောက်ထပ်မှတ်သားစရာစကားက ပြီးခဲ့တဲ့နှစ်တွေတုန်းက စိတ်ပေါက်ပေါက်နဲ့ ရွှေနိုင်ငံသားဘ၀ကနေ အခြားနိုင်ငံသားအဖြစ်ကိုခံယူချင်တဲ့စိတ်ရှိခဲ့
လေတော့ သူ့ရဲ့အဖေက မင်းနိုင်ငံခြားသွားရင် မင်းအခု ကြွယ်ဝမှုတွေကြောင့် အခြားနိုင်ငံတွေကပိုပြီးချမ်းသာလာလိမ့်မယ် ကိုယ့်နိုင်ငံကချမ်းသာ
လာမှာမဟုတ်ဘူးဆိုပဲ ..ရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော ဆိုသလို ရယ်လိုက်ရတာဗျာ ဘယ်သူ့ကြောင့်ဘယ်သူကချမ်းသာရသလဲဆိုတာကို အားလုံးအသိပါပဲဗျာ ..အေးပေါ့လေ အရူးဆိုတော့လဲ
ပြောချင်ရာပြောလေမပေါ့.. .မဟုတ်ဘူးလား.....

တကယ်ဆိုရင် ၈၈ အရေးအခင်းကြောင့် မဆလစံနစ်ကျဆုံးပြီး ပွင့်လင်းလာတဲ့ ပေါင်းစား အခွင့်အရေးအတွက် ကြက်ဆူအုပ်စုကိုချဉ်းကပ်လို့ ရရှိခဲ့တဲ့
လုပ်ပိုင်ခွင့်တွေနဲ့  ရွှေနိုင်ငံကသယံဇာတအသီးအပွင့်တွေကိုရောင်းစားပြီး  သူ့ကိုအခုလိုချမ်းသာအောင် လုပ်ပေးတဲ့ကြက်ဆူအုပ်စုက သူ့အတွက်ကောင်းတယ်လို့ ရင့်သီးစွာပြောနေမဲ့အစား ...သူကုဋေကြွယ် သူဌေးကြီးဖြစ်လာပြီးတဲ့နောက်အများအကျိုးအတွက် အလှူဒါနကြီးများ ပြုသူ
ဖြစ်ဘို့မျှော်လင့်ထားပါတယ်ဆိုတဲ့အတိုင်း ဘယ်အချိန်ကျမှ သူ့ရဲ့မျှော်လင့်ချက်ကို ရွှေနိုင်ငံကပြည်သူတွေအတွက် အကောင်အထည်ဖေါ်ရပ်တည်မှာလဲ
ဆိုတာ ရွှေမြိုင်အောင်တို့ စောင့်ကြည့်ရဦးမှာပါခင်ဗျား .....

(ရွှေမြိုင်အောင်)
.................................................

Tuesday, July 12, 2011

ရတနာစိန်ကျောက် ဇယ်တောက်တမ်းမကစားလိုပါ

လွန်ခဲ့တဲ့ မတ်လက ဂျပန်ပြည်မှာလှုပ်သွားတဲ့ငလျင်နဲ့ ဆူနာမီရေလှိုင်းတွေကြောင့် ဂျပန်နိုင်ငံရဲ့စီးပွားရေးအလားအလာဟာ
သိပ်မကောင်းဘူးလို့ဆိုရမှာဖြစ်ပါတယ်တဲ့ခင်ဗျ .....

စားသုံးသူတွေရဲ့ သုံးစွဲဝယ်လိုအားကျဆင်းမှုဖြစ်ခဲ့ရပါတယ် ..ကုန်ပစ္စည်းဝယ်ယူမှုဟာလည်း ၂၀၁၁မတ်လမှာ ၃၈.၆%ကနေ
ဧပြီလမှာတော့ ၃၃.၁%အထိ ထိုးလို့ကျဆင်းခဲ့ပါတယ်..တလထဲမှာ ၅.၅ မှတ်အထိကျဆင်းခဲ့ရတာဟာ ၂၀၀၄ခုနှစ်ရဲ့ နောက်
ပိုင်းနှစ်တွေထဲမှာ အဆိုးရွားဆုံးအဖြစ်မှတ်တမ်းဝင် ရာဇ၀င်တွင်ခဲ့ရပါတယ်ခင်ဗျာ.....

ငလျင်လှုပ်ပြီးတဲ့ရက်ပိုင်းအတွင်း ရွှေမြိုင်အောင်တို့လို လူတွေကရေသန့်ဘူးတွေ အသင့်စားလို့ရတဲ့ စားစရာတွေကိုဝယ်ယူစု
ဆောင်းကြလို့  အဲဒီရက်ပိုင်းအချိန်တိုကလေးအတွင်းမှာ ရောင်းအားတွေ ရုတ်ကနဲ တိုးလာခဲ့သေးတယ်ခင်ဗျ ..ဒါပေမဲ့အခြားငွေကြေး
သုံးစွဲတဲ့နေရာတွေဖြစ်တဲ့ခရီးသွားလုပ်ငန်းတို့ ပျော်ပွဲရွှင်ပွဲတွေကိုလျှော့လာကြတယ်လို့ဆိုပါတယ်.....

ဂျပန်ရဲ့အခုစီးပွားရေးအကြပ်အတည်းဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်ပိုင်း အဆိုးရွားဆုံးပဲလို့လဲဆိုကြတယ်ခင်ဗျ..ဂျပန်
နိုင်ငံအထဲမှာ ပြည်တွင်းဝယ်လိုအားတဖြည်းဖြည်းလျော့နည်းလာတာ လွန်ခဲ့တဲ့နှစ်များမကြာမီကတည်းကဖြစ်နေခဲ့ပါပြီကော..
မော်တော်ကားတို့ အခြားစက်ပစ္စည်းတွ လျှပ်စစ်ပစ္စည်းတွေ အသုံးအဆောင်တွေဝယ်ယူနိုင်ဘို့ အစိုးရကနေအကူအညီပေးပြီး
အရောင်းမြှင့်တင်ပေးခဲ့တာတွေရှိသည့်တိုင်အောင် ၀ယ်ယူသူနဲပါးနေဆဲဖြစ်နေပါတယ်ခင်ဗျား.....

ဂျပန်ဟာသူတို့လူမျိုးကထုတ်လိုက်တဲ့ပစ္စည်းကိုဆိုရင် သူတို့တွေယုံကြည်ကြတယ်ခင်ဗျ ..ရွှေမြိုင်အောင်ရဲ့မိတ်ဆွေဂျပန်တယောက်
ဆိုသူ့ရဲ့အခန်းကိုသန့်ရှင်းရေးလုပ်တယ်တဲ့ အဲဒီမှာဘာကိုသွားတွေ့သလဲဆိုရင် လွန်ခဲ့တဲ့ ၁၅နှစ်ရက်ကျော်လွန်နေတဲ့ ငါးသေတ္တာတဘူးကို
တွေ့ရတယ်တဲ့ ..လွန်ခဲ့တဲ့ ၁၅နှစ်ကငါးသေတ္တာဆိုတော့ ရွှေမြိုင်အောင်ရဲ့ မိတ်ဆွေ ၁၅နှစ်လောက်အခန်းမရှင်းပဲညစ်ညစ်ပတ်ပတ်
နေတဲ့သဘောပေါ့နော်.....

ဆိုကြပါစို့ အဲဒီငါးဘူးကိုဖေါက်ပြီး ငါးသေတ္တာငါးအသားကိုစားကြည့်တယ်တဲ့ ဘာမှအရသာမရှိပဲ စက္ကူတွေကိုဝါးနေရသလိုပဲတဲ့ခင်ဗျ..
သူ့ရဲ့အူကြောင်ကြောင်လုပ်ရပ်ကို အံ့သြလို့ ရွှေမြိုင်အောင်သူ့ကိုမေးကြည့်ပါတယ် အဲဒီငါးကိုစားကြည့်လို့ မင်းသေသွားမှာ..တခုခု
ဖြစ်သွားမှာမစိုးရိမ်မိဘူးလား လို့လေ..ကြာရှည်ခံအောင် ဓါတုဗေဒဆေးတွေသုံးတာဖြစ်လို့အန္တရာယ်ရှိတယ်မဟုတ်လားလို့မေးကြည့်တော့.....

သူ့ရဲ့အဖြေကမှတ်သားစရာပါ Made In Japan ငါ့လူမျိုးထုတ်တဲ့ပစ္စည်းကိုငါယုံတယ်  ဒီငါးသေတ္တာကိုစားလို့ သေသွားခဲ့တယ်ဆို
ရင်တောင် ငါ့လူမျိုးလုပ်ခဲ့တဲ့အစားအစာကို စမ်းသပ်စားပြီးသေရတာဖြစ်တဲ့အတွက် ရဲရဲကြီးအသေခံရဲတယ်တဲ့.. အဲဒီလိုအူကြောင်
ကြားလုပ်တဲ့သူဆိုလို့ ရွှေမြိုင်အောင်ရဲ့မိတ်ဆွေကို လမ်းဘေးကအိမ်ခြေယာမဲ့လို့တော့မထင်လိုက်ပါနဲ့ခင်ဗျာ ဆေးကုတဲ့ဆရာဝန်
ဖြစ်ပါတယ်  ၀င်ငွေကောင်းတဲ့သွားရောဂါကုဆေးခန်းတခုကိုကိုယ်ပိုင်ဖွင့်ထားတဲ့သူပါခင်ဗျာ.....

မိတ်ဆွေဆရာဝန်ရဲ့သူ့လူမျိုးကထုတ်တဲ့အစားအစာအပေါ်ယုံကြည်တာကိုရွှေမြိုင်အောင်လဲအားကျပြီး ရွှေမြိုင်အောင်တို့လူမျိုးတွေ
ထုတ်တဲ့အစားအစာတွေထဲကရက်ကျော်နေတဲ့အစားအစာတခုကိုစားကြည့်ဦးမယ်လို့ ရူးနှမ်းနှမ်းကြံစည်ပြီး ဘာစားရမလဲ.. ဘာကို
စားရင်ကောင်းမလဲပေါ့နော် စဉ်းစားရတာပေါ့ .....

ရွှေနိုင်ငံသားတွေရဲ့ရိုးရာ လ္ဘက်ကိုစားမယ်ဆိုတော့ ...မဖြစ် ...လ္ဘက်ထဲမှာဆိုးဆေးတွေပါတယ်ဆိုပြီး ကြက်ဆူအုပ်စုအစိုးရက စားသုံး
ဘို့မသင့်တဲ့တံဆိပ်တွေကိုကြေငြာခဲ့ဘူးတယ် ဘာတံဆိပ်တွေမှန်းရွှေမြိုင်အောင်လဲမှတ်မထားတော့ လ္ဘက်စားမဲ့အစီစဉ်ကိုဘေးဖယ်ခဲ့
ရတယ်ခင်ဗျ  ငါးပိထောင်းလဲထို့အတူပဲဆိုတော့သူ့ကိုလဲဘေးချိတ်ပေါ့ဗျာ....နောက်ဆုံးမှာဘာသွားတွေ့သလဲဆိုတော့ ..ဟဲ..ဟဲ..

မော်လမြိုင်သားပေမဲ့ အညာကပုန်းရည်ကြီးကို ရွှေမြိုင်အောင်ကြိုက်တယ်ခင်ဗျ  ထမင်းပူပူလေးနဲ့ပုန်းရည်ကြီးသုတ်ကို ရွှေမြိုင်အောင်
ကြိုက်ပါတယ်.. ဒါနဲ့ပဲ ရက်လွန်ပုန်းရည်ကြီးကိုရှာဖွေဘို့စခဲ့တယ်ခင်ဗျ ..ပင်ပန်းစွာမရှာလိုက်ရပါဘူး သတ်မှတ်ရက်ကျော်လွန်နေတဲ့
ရွှေနိုင်ငံရဲ့ရိုးရာအစားအစာ ပုန်းရည်ကြီးအထုတ်ကို ရှာဖွေတွေ့ရှိလို့ လက်ဝယ်ပိုင်ပိုင်ရရှိခဲ့ပါတယ် ရက်လွန်တာက တနှစ်ဝန်းကျင်
လောက်ရက်လွန်တာလေးပါခင်ဗျား.....

ရက်လွန်ပုန်းရည်ကြီးကိုဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဘယ်မြန်မာဆိုင်က၀ယ်ခဲ့သလဲ  ဘယ်လိုရခဲ့သလဲသိချင်တယ် ဟုတ်စ...ဒါကတော့ရှာဖွေလေတွေ့ရှိလေလို့ပဲ
သဘောထားပါခင်ဗျာ..ရွှေမြိုင်အောင်မပြောပါရစေနဲ့နော်.....

ဒီလိုနဲ့ အလုပ်နားရက် တခုသောနေ့ခင်းမှာ ကြက်သွန်ဖြူနီ ပါးပါးလှီးလို့ ဆီရွှဲရွှဲကလေးဆန်းပြီး မှိုမတက်သေးတဲ့ရက်လွန်ပုန်းရည်ကြီး
ကို သေသေချာချာသုတ်ပြီးသကာလ ထမင်းပူပူလေးနဲ့ ရွှေမြိုင်အောင်အားရပါးရစားခဲ့ပါတယ်ခင်ဗျာ..စားပြီးလို့ဘာဖြစ်လာမလဲ
စောင့်ကြည့်တယ် ..ဘာမှမဖြစ်ဘူးခင်ဗျ..ဒါဆိုရင် သက်တမ်း၂နှစ်လွန် ၃နှစ်လွန် ပုန်းရည်ကြီးတွေစားကြည့်ဘို့ ရွှေမြိုင်အောင်တယောက်
စိတ်ကူးထဲမှာရုးမိုက်စွာကြံစည်ပါတော့တယ်ခင်ဗျား.....

ဒါပေမဲ့အဲဒီအကြံအစည် အထမြောက်ဘို့ ကုသိုလ်ကံကပါမလာဘူးခင်ဗျ တနှစ်ရက်ကျော်ပုန်းရည်ကြီးကိုစားပြီးတဲ့ညသန်းခေါင်ကျော်မှာ
ပဲ(နားနဲ့မနာဖ၀ါးနဲ့နာပါစာရှုသူခင်ဗျာ)  ရွှေမြိုင်အောင်ပျို့အန်ပါတော့တယ် ပြီးတော့ဝမ်းတွေလဲသွားပါတယ် အထက်လှန်အောက်လျှော
တွေဖြစ်ပြီး အတော်ခံစားလိုက်ရတယ် ညသန်းခေါင်လောက်ကနေ မနက်အာရုံတက်ချိန်ကျော်တဲ့အထိ အန်လိုက်သွားလိုက်နဲ့ ရွှေမြိုင်အောင်
တယောက်သာခွေယိုင်ဖြစ်ခဲ့ရလေရောခင်ဗျာ.....

တော်သေးတာပေါ့နော် တနှစ်ရက်ကျော်ပုန်းရည်ကြီးကိုပဲစားလိုက်လို့  ..ဂျပန်မိတ်ဆွေလိုမျိုး ၁၅နှစ်ရက်ကျော်ပုန်းရည်ကြီးကိုစားလို့ကတော့
ရွှေမြိုင်အောင်မတွေးဝံ့ပါခင်ဗျား.....

ငလျှင်နဲ့ဆူနာမီရဲ့ပေးတဲ့ဒုက္ခကြောင့် ဂျပန်လျှပ်စစ်ဓါတ်အားပေးစက်ရုံက အနုမြူတွေ စိမ့်ထွက်မှုဖြစ်ခဲ့ရတယ် ..နောက်ဆက်တွဲအားဖြင့်
လေထဲမှာပျံ့လွင့်နေတဲ့ အနုမြူ ဓါတ်တွေခံရနိုင်တဲ့ဒေသတွေက ဟင်းရွက်တချို့နဲနွားနို့တွေကို ရေဒီယို ဓါတ်သတ္တိကြွ တွေပါဝင်တဲ့အတွက်
စားသုံးသူကိုဘေးဥပါဒ် ဖြစ်စေနိုင်သည်ဆိုတဲ့အချက်နဲ့ ဖျက်ဆီးစေခဲ့ပါတယ်..တီဗွီသတင်းတွေမှာအပင်တွေကိုရှင်းပစ်တာ  နွားနို့တွေ
သွန်ပစ်တာတွေတွေ့ခဲ့ရပါတယ်ခင်ဗျာ.....

ရွှေနိုင်ငံတော်ကြီးမှာတော့ထုတ်ပိုးပြီးေ၇ာင်းချတဲ့အစားအသောက်တွေကို သတ်မှတ်ရက်ကျော်လွန်သွားလဲ ခပ်တည်တည်နဲ့ရောင်းလိုကရောင်း
 တံဆိပ်ခွာပြီးရောင်းလိုကရောင်းနဲ့ စားသုံးသူကိုမှအားမနာ ဖြစ်ချင်တိုင်းဖြစ်နေကြလေရဲ့နော် ..မာဆလာ ငြုတ်သီးမှုန့်စတဲ့ ဟင်းခတ်
အမွှေးအကြိုင်တွေမှာလဲ အရောအနှောတွေနဲ့...ပဲဆီသန့်လဲ အရောအနှောတွေနဲ့ အတားအဆီးမရှိ လုပ်ချင်သလိုလုပ် ဖြစ်ချင်သလို
ဖြစ်နေကြတာ တကယ့်မင်းမဲ့တိုင်းပြည်ပါပဲခင်ဗျာ.....

ဒီကြားထဲငွေအကြွေရှားလို့ဆိုပြီးကုန်စုံဆိုင်တွေမှာအကြွေအစား အချိုမှုန့်ထုတ် ၅၀ကျပ်တန် ၁၀၀ကျပ်တန် အထုတ်ကလေးတွေကိုလဲ
ပေးလားပေးရဲ့..လ္ဘက်ရည်ဆိုင်တွေမှာ အကြွေအစား ဆေးလိပ်တို့ သကြားလုံးတို့အမ်း လားအမ်းလေရဲ့ ကိုယ်ကအကြွေမရှိလို့  ဆေးလိပ်
တို့သကြားလုံးတို့ပြန်ပေးတော့မရဘူးတဲ့လေ..စားသုံးသူတွေဘက်ကအရှုံးကြီးပဲခင်ဗျ.....

ဆေးရောင်းတဲ့ဆိုင်တွေမှာငွေအကြွေမရှိလို့ဆိုပြီးလျှက်ဆားထုတ်တွေအမ်းသတဲ့ ..ဒီထက်ဆိုးတာက အကိုက်အခဲပျောက်ဆေးတွေကိုတောင်
အကြွေအစားအမ်းတဲ့ဆိုင်တွေရှိတယ်ဆိုတာပဲခင်ဗျား..ငွေအကြွေရှားတာဟာစားသုံးသူတွေအတွက်ပိုပြီးနစ်နာစရာတွေဖြစ်လာပါတယ်
 ရွှေနိုင်ငံတော်မှာလက်ရှိတရားဝင်ငွေစက္ကူဟာ ၁ကျပ်တန်ကနေ ၅၀၀၀ကျပ်တန်အထိဖြစ်ပါတယ်...၁ကျပ် ၅ကျပ် ၁၀ နဲ့၂၀ တန်တွေကို
မသုံးကြတော့ပါဘူး  ..အဲတခုတော့ရှိတယ် ၂၀ကျပ်တန်တွေကိုတော့ ၁၀၀၀ တန်ရွက်တစ်ရာ အုပ်တွေမှာ ရောပြီးထည့်ကြတယ်.. ၂၀တန်
နဲ့ ၁၀၀၀ အသေးက အရွယ်အစားနဲ့အရောင်အစိမ်းက တူနေတော့ လုပ်စားကြတာပေါ့ဗျာ.....

အများဆုံးအသုံးပြုကြတဲ့ငွေအကြွေဆိုတာ ၅၀ တန်နဲ့ တစ်ရာတန်ဖြစ်နေပေမဲ့ အခုဆို နှစ်ယာတန်ကိုပါငွေအကြွေလို့ပြောနေရပါပြီ..
အကြွေရှားလို့ဈေးနှုန်းသက်သာတဲ့အခြေခံကုန်ပစ္စည်းတွေ ဈေးတက်ရတယ်လို့ဆိုကြပါတယ်.....

ဂျပန်နိုင်ငံမှာလည်ပတ်သုံးစွဲနေတဲ့ငွေကြေးက ၁ယန်းကနေ တစ်သောင်းယန်းအထိရှိပါတယ် ..ငွေစက္ကူမဟုတ်တဲ့ငွေအကြွေစေ့တွေကတော့
၁ယန်းကနေ ငါးရာယန်းအထိပါ..ကုန်တိုက်တွေ စူပါမားကက်တွေမှာ ပြန်အမ်းစရာ ၁ယန်းကိုလဲအတိအကျပြန်အမ်းသလို ၀ယ်သူမှာ ၁ယန်း
လိုနေရင်လဲပစ္စည်းဝယ်လို့မရပါဘူး ..ဒါကငွေကို ငွေလို့တန်ဘိုးထားတတ်လို့ဆိုတာကြောင့်ပါခင်ဗျား.....

ရွှေမြိုင်အောင်တို့ငယ်ငယ်တုန်းကဆို အကြွေစေ့တွေသုံးခဲ့ရဘူးပါတယ် ၅ပြား ၁၀ပြားကနေ ၁ကျပ်စေ့အထိပါ..တဖြည်းဖြည်းနဲ့ကုန်ပစ္စည်းတွေ
ဈေးတက်လာပြီးအကြွေတွေလဲမသုံးကြတော့လို့ ရွှေနိုင်ငံတော်မှာအကြွေစေ့တွေ ဟာတဖြည်းဖြည်းချင်းပျောက်ကွယ်ခဲ့ရပါတယ် ..မဝေးသေးတဲ့
တချိန်ကအသုံးပြုခဲ့ရတဲ့ငွေအကြွေစေ့တွေကို အမှတ်တရပစ္စည်းအဖြစ် ပလပ်စတစ်အိတ်ထဲထည့်ရောင်းနေတာ  သံဝေဂရမိပါတယ်ခင်ဗျာ.....

အခုဆိုရွှေနိုင်ငံတော်က၀န်ထမ်းတွေကိုလစာပေးတဲ့အခါ အကြွေစက္ကူတွေကိုပါထုတ်ပေးတယ်လို့သိရပါတယ် ..အကြွေရှားတဲ့ပြဿနာကို
ဖြေရှင်းပေးတယ်လို့သဘောဆောင်စေပါတယ် ..ငွေအကြွေအဖြစ်အသုံးပြုနေတာဟာ စက္ကူရွက် ပိုက်ဆံဖြစ်တာကြောင့် နေ့စဉ်အသုံးပြုနှုန်း
များတာဖြစ်လို့ အချိန်ကြာတာနဲ့အမျှ ဟောင်းနွမ်းစုတ်ပြဲလာဦးမှာမလွဲပါခင်ဗျာ.....

ဒါဆိုရင်စက္ကူ အကြွေပိုက်ဆံတွေအစား ထုတ်လုပ်မှုကုန်ကျစားရိတ်မြင့်မားပေမဲ့ ရေရှည် အသုံးပြုနိုင်တဲ့ ကြေးတို့ သတ္တုတို့နဲ့လုပ်ထားတဲ့
ငွေအကြွေစေ့တွေကိုထုတ်သင့်တာပေါ့ခင်ဗျာ..ဒါပေမဲ့လဲ ရွှေမြိုင်အောင်တို့ ငယ်စဉ်က သုံးခဲ့တဲ့ အကြွေစေ့တွေလိုချိန်တိုအတွင်းတန်ဘိုးမဲ့
မဲ့မသွားအောင် အတွက် ရွှေနိုင်ငံကပြည်သူတွေလိုအပ်ချက်ဖြစ်တဲ့ ကုန်ဈေးနှုန်းတည်ငြိမ်အောင် ကြက်ဆူ အစိုးရကလုပ်ဆောင်ပေးရမှာ
ဖြစ်ပေမဲံ့ တာဝန်ပျက်ကွက်နေတုန်းပါခင်ဗျား.....

ကုန်ဈေးနှုန်းကျဆင်းရေးအတွက်ဆန္ဒဖေါ်ထုတ်သူတွေကို မတရားဖမ်းဆီး ထိန်းသိမ်းခဲ့တာ အခုဆို၎နှစ်ပြည့်မြောက်တော့မှာဖြစ်ပေမဲ့
ရွှေနိုင်ငံတော်က လူထုကြီးခမျာ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကိုခံနေရဆဲပါပဲခင်ဗျာ.....

ရတနာစိန်ကျောက်ဇယ်တောက်တမ်း မကစားရရင်နေပါစေ  တည်ငြိမ်တဲ့ကုန်ဈေးနှုန်းနဲ့ လုပ်အားခ၀င်ငွေရယ်ထွက်ငွေရယ် မျှတလို့
ကြောင့်ကြမှုကင်းတဲ့ဘ၀ကိုရွှေနိုင်ငံကတိုင်းရင်းသားပြည်သူတွေမျှော်လင့်နေတာနှစ်တွေလဲကြာခဲ့ပါပြီ..ပြည်သူတွေရဲ့ဆန္ဒ`တွေပြည့်ဘို့
တာဝန်သိစွာနဲ့အားလုံးတက်ကြွစွာ ညီညွတ်စွာ စံနစ်ဆိုး အုပ်ချုပ်မှုယန္တယားဆိုးကိုတွန်းလှန်ဘို့တိုက်ဖျက်ကြဘို့ရွှေမြိုင်အောင် တိုက်တွန်း
လို့မေတ္တာရပ်ခံလိုက်ရပါတယ်ခင်ဗျား.....

ရွှေမြိုင်အောင်

Sunday, June 12, 2011

ဂျပန် လ.၀.က တံခါးကြီး ဖွင့်တော့ထားသည်


ဂျပန် လ.၀.က တံခါးကြီး ဖွင့်တော့ထားသည်...(ရွှေမြိုင်အောင်)

''ပူနောင် ပူနောင် ဂျိမ်းဂျိမ် ဝါကာ ဝါ့ကာ ဟေး ဟေး'' သီချင်းက လေးနဲ့ ၄ နှစ်တကြိမ်ကျင်းပ နေတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးလည်း ပြီးသွားခဲ့ပါပြီ။
ဒီသီချင်းကို ရွှေမြိုင်အောင်စကြားစဉ်က မြန်မာ့ နတ်ဆိုင်းကို ကော်ပီကူးထားသလိုထင်မိတာကြောင့် မြန်မာနိုင်ငံဂီတအစည်းအရုံးကို မူပိုင်ခွင့်အတွက် အဆိုတော်ရှက်ကီရာကို တရားစွဲလျော်ကြေးတောင်းဖို့ အကြံပေးရင်ကောင်းမယ်လို့တွေးနေတုန်း 'ဂိုးဒင်း ဆောင်း'ဆိုတဲ့ ကင်မရွန်း အဆိုတော်အဖွဲ့ရဲ့ 'ဇန်ဂျီ လဲဝါ'သီချင်းကို တစိတ်တပိုင်းကော်ပီကူးထားတယ် ဆိုပြီး လျော်ကြေးပေးဖို့ တရားစွဲထားတယ်ဆိုတော့ ရွှေမြိုင်အောင်ရဲ့အကြံကို အကောင်အထည်မဖော်ဖြစ်ခဲ့ တော့ပါဘူးခင်ဗျာ။

အော်-ကမ္ဘာ့ ဖလားဘောလုံးပြိုင် ပွဲသီချင်းလဲ ကော်ပီကြီးပါလားခင်ဗျား။
အဲဒီလိုကော်ပီကိစ္စတွေဟာ ဒီနှစ်ရဲ့ ရှန်ဟိုင်းကုန် စည်ပြပွဲမှာ တမျိုးပြီးတမျိုး၊ မထူးပေမဲ့ဆန်းအောင် တွေ့မြင်ကြားသိနေရပါတယ်။
ကုန်စည်ပြပွဲ မြှင့်တင် ရေးသီချင်းက ဂျပန်မူရင်းသီချင်းကိုကော်ပီလုပ်တာ၊ ပြပွဲရဲ့လာဘ် ကောင်ရုပ်ဟာ အမေရိကန်တီဗွီစီးရီးဇာတ်ကောင်အရုပ်ကို ပုံစံပြောင်းထားတာ၊ နောက်ပြီး တရုပ်ပြည်ကပြခန်းတခုရဲ့အဝင်မဏ္ဍပ်ပုံစံ ဟာ စပိန်ကုန်စည်ပြပွဲတုန်းက ဂျပန်ရဲ့မဏ္ဍပ်ပုံစံကို ကူးထားတာဆိုပဲ။

တော်တယ်ဗျာ။ အတုလုပ်တဲ့နေရာမှာတော့ တရုပ်ကအရမ်းတော်၊ အရမ်း မြန်ပါတယ်။ ဒီလိုတော်လွန်းလို့ ရွှေနိုင်ငံတော်က ကြက်ဆူဘုရင်ကြီးနဲ့ နောက်လိုက်တွေ ''တရုပ်ကိုရိုသေ နန်းသက်ရှည်''ဆိုတဲ့ယတြာကိုစွဲ ကိုင်လို့ နိုင်ငံအရင်းမြစ် တွေကို အထူးလျော့ဈေးနဲ့ပဏ္ဏဆက်နေလေရဲ့။ ဟုတ်တယ်ဟုတ်...

မြန်မာပြည်ကကြက်ဆူဘုရင်နဲ့အဖွဲ့ဟာ တရုတ်ကိုကိုးကွယ်ချိန်မှာ ဂျပန်အစိုးရကလည်း တရုတ်နိုင်ငံသားတွေကို ၂ဝဝ၃ ခုနှစ်ကစပြီး အုပ်စု လိုက်အလည်အပတ်ဗီဇာ(Group Tourist Visa)ကို ကန့်သတ်ချက်တွေ အများကြီးလျော့ပေါ့လို့ လွယ်လွယ်ကူကူထုတ်ပေးလေရဲ့။

ခရီးသွားဧည့်သည်ဖလှယ်ရေးအစီအစဉ်ကို တရုတ်နိုင်ငံနဲ့ပြုလုပ်ပြီး ချိန်ကစလို့ တရုတ်နိုင်ငံသားတွေ ဝင်ရောက်လာခဲ့တဲ့စာရင်းကို ကြည့်ကြည့်ပါ။ မနှစ်ကဆိုရင် တမြန်နှစ်ထက် ၁၂%ပိုခဲ့ပြီး ဒီနှစ်ဆိုရင် လည်း မနှစ်ကထက် ၁၄.၈%တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်ခင်ဗျ။ တရုတ်ဘက်ကအဝင်ဦးရေတိုးလာပေမဲ့ အရင်တုန်းက ဂျပန်ကိုအလည် အပတ်များခဲ့တဲ့ တောင်ကိုရီးယားကတော့ စံချိန်ဟောင်း ၂၈.၅ ရာခိုင်နှိုန်းဝင်ရောက်ခဲ့ရာက ယခု ၂၃.၄ ရာခိုင်နှုန်းသာဝင်တော့သာကြောင့် ဂျပန်လည်း မြန်မာ လူရွှင်တော်ပြက်လုံးစကားလို 'တရားအားထုတ်-တရုပ်အားထား' နေရပြီလို့ ထင်ရပါတယ်။

တကယ်ဆိုရင် ဂျပန်ဟာ ကမ္ဘာပေါ်မှာ အခြေကျနေ ထိုင်သူတွေကို နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီးမရှိတဲ့ နိုင်ငံတွေထဲက တနိုင်ငံပါ။
၂ဝဝ၆ ခုနှစ်ကဆို နိုင်ငံခြား သား ၇ သိန်း ၅ သောင်းကျော်ဟာ ဂျပန်မှာ ကျွမ်းကျင်လုပ်သား ပညာရှင်တွေနဲ့ အလုပ်လုပ်ခဲ့ကြပါတယ်။ ဒီပမဏာ ဟာ ဂျပန်တနိုင်ငံလုံးမှာအလုပ်လုပ်နေတဲ့ လုပ်သား အင်အားရဲ့ ၁.၁%သာရှိတယ်ဆိုတော့ အခြေကျနေ ထိုင်တဲ့ ကျွမ်းကျင်လုပ်သားအင်အား၈.၅%ရှိတဲ့ ဂျာမဏီ၊ ၁၅.၆%ရှိတဲ့ အမေရိကန်တို့နဲ့နှိုင်းယှဉ်ကြည့် ရင် ဂျပန်ရဲ့အနေအထားကိုသိနိုင်ပါတယ်။

ဂျပန်အစိုးရက လာမဲ့ဆယ်နှစ်အတွင်းမှာ ယခုရှိနေ တဲ့ ကျွမ်းကျင်လုပ်သားပမဏထက် လူဦးရေ ၂ သိန်း လောက်အထိတိုးပြီး ခွင့်ပြုဖို့ပြင်ဆင်နေပါတယ်လို့ ပြောလာပါတယ်။ နိုင်ငံခြားသားကျွမ်းကျင်လုပ်သား အင်အားတိုးချဲ့ခန့်ထားဖို့တခုတဲမဟုတ်ပဲ နောက် ၁ဝ နှစ်ဖြစ်တဲ့ ၂ဝ၂ဝ ခုနှစ်မှာ တိုးရစ်အယောက်ပေါင်း သန်း ၂ဝ ကနေ ၂၅ သန်းအထိ ဝင်ရောက်လာနိုင်ဖို့ စီမံကိန်း ချမှတ်ပြီး လုပ်ဆောင်နေတယ်လို့လည်း ဆိုလာပြန်ပါ တယ်။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်ကဝင် ရောက်ခဲ့တဲ့ တိုးရစ်အရေအတွက်ထက် ၄ ဆလောက်ပို လာမယ်မဟုတ်ပါလားခင်ဗျား။ အဲဒီ ၂၅ သန်းလောက်ရှိတဲ့တိုးရစ်တွေ ဂျပန်ကိုဝင်လာရင် သူတို့ကြောင့်ရလာမယ့် ၁ဝ တြီလျံယန်းရနိုင်ပြီး အလုပ် အကိုင်အခွင့်အလန်း ၅ သိန်း ၆ သောင်းလောက်ပေါ်လာမယ်လို့ မျှော်လင့်ချက်တွေနဲ့ ကြိုးစားနေပါသတဲ့။ ကောင်းလှပါဘိ။

ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကစလို့ ဂျပန်မှာအခြေကျနေထိုင်တဲ့ နိုင်ငံခြားသားတွေနဲ့ပတ်သက်တဲ့ဥပဒေကို ပြင်ဆင်ပြောင်းလဲပေးခဲ့ပါတယ်။ အဲဒီလိုပြင်ဆင်ပေးခဲ့တဲ့အတွက် အရင်ကဥပဒေ ၁၈ ခုသာရှိခဲ့ရာမှ ယခုဆို ၂၇ ခုထိ တိုးလာခဲ့တယ်တဲ့ခင်ဗျ...
ပြင်ဆင်တိုးချဲ့လိုက်တဲ့အထဲက အများစိတ်ဝင်စားနှစ်သက်ခဲ့တာက ဗီဇာသက်တမ်းကိစ္စပါ။ အရင်ကဆို အခြေကျနေထိုင်ခွင့်ဗီဇာကို အများဆုံး သက်တမ်း(၃)နှစ်သာခွင့်ပြုခဲ့ပေမဲ့ အခုဆိုရင် ဥပဒေသစ်အရ ၅ နှစ်အထိ သက်တမ်းခံစားခွင့်ရှိလာမှာဖြစ်တဲ့အကြောင်းရယ်၊
နောက်တခုက ဂျပန် နိုင်ငံကနေ တခြားနိုင်ငံတခုခုကိုခေတ္တထွက်ခွာသွားခဲ့ရင် 'Re Entry' ပါ ပစ်ယူစရာမလိုပဲ ဝင်ထွက်သွားလာနိုင်တယ်ဆိုတဲ့ အချက်တွေပါတဲ့ခင်ဗျ။

စိတ်ပျက်စရာဥပဒေပြင်ဆင်ချက်က နိုင်ငံခြားသားစီစစ်ရေးကဒ်ကိစ္စပါ။ သိတဲ့အတိုင်း အရင်ကဆို နိုင်ငံခြားသားစီစစ်ရေးကဒ်ကို သက်ဆိုင်ရာမြို့ နယ်ရုံးက တာဝန်ယူပြုလုပ်ပေးပေမဲ့ ဥပဒေသစ်အရ လ.ဝ.ကရဲ့ ရာနှုန်းပြည့် ထိန်းချုပ်မှုနဲ့ပြုလုပ်မယ်ဆိုတာပါပဲခင်ဗျ။

ဂျပန်နိုင်ငံမှာရှိတဲ့ ဒေသဆိုင်ရာလ.ဝ.ကရုံးတွေမှာ နေ့စဉ် 'Re Entry' ပါပစ်ကိစ္စနဲ့ ဗီဇာသက်တမ်းတိုးကိစ္စပေါင်း အမှု ၅ဝ ကနေ ၁ဝဝ အထိ လက်ခံဖြေရှင်းပေးနေကြဖြစ်ပါတယ်။ အခုပြောင်းလဲလိုက်တဲ့ ဥပဒေ သစ်အရဆိုရင် လ.ဝ.ကနဲ့အလုပ်တွေနည်းသွားပြီမဟုတ်လား။

ဂျပန်တ နိုင်ငံလုံးမှာရှိတဲ့ဒေသတွေက လ.ဝ.ကဝန်ထမ်း ၃,၅ဝဝ ဦး အလုပ်တာဝန် တွေလျော့နည်းသွားလို့ ရွှေနိုင်ငံတော်ကြီးက ဝန်ထမ်းတွေကို လက်ဖက် ရည်ဆိုင်ထိုင် ချဲတွက်လုပ်ဖို့အချိန်တွေရှိလာမလားလို့မထင်ပါနဲ့ခင်ဗျာ။

'ဂိုင်းဂျင်းကဒ်'လို့ခေါ်တဲ့ နိုင်ငံခြားသားစီစစ်ရေးကဒ်ကိစ္စကို ပိုပြီး တာဝန်ယူ ဆောင်ရွက်ရမှာဖြစ်ပါသတဲ့။ လုံးဝမအားစေရပါခင်ဗျာ။ ဂျပန်လေ ဂျပန်...။

သြော် ဂျပန်လေ ဂျပန်ဆိုလို့ ဒီအသုံးအနှုန်းကို ရွှေမြိုင်အောင် ''၂ဝ၁ဝ ရွေးကောက်ပွဲနဲ့သူတို့''ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ်ရေးခဲ့စဉ်က သုံးခဲ့ဖူး ပါတယ်။ ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းက ကရင်ဒုက္ခ သည်တွေကို ဂျပန်မှာအခြေချနေထိုင်ရန်အစီအစဉ်နဲ့ တနှစ်ကို အယောက် ၃ဝ နှုန်းနဲပ ၃ နှစ်စီမံကိန်း အယောက် ၉ဝ ခေါ်ဖို့ လုပ်နေတဲ့အကြောင်းပါ။

အဲဒီဆောင်းပါးထဲမှာ ဂျပန်အစိုးရက မယ်လဒုက္ခသည် စခန်းထဲမှာရှိတဲ့ ဒုက္ခသည်သိန်းချီရှိအထဲက သူတို့အင်တာဗျူးပြီး လူသား ချင်းစာနာခံရလို့ ရွေးပြီးကောက်ခဲ့တဲ့ ဖထီးသားလေးတွေကို သဘာဝဘေးအန္တရာယ်ထပ် ပြောရာ နာဂိုနိုခရိုင်မှာ အခြေကျနေထိုင်နိုင်အောင် စီစဉ်နေတယ်လို့ရေး သားခဲ့ပါတယ်။

အခုတော့ လူ ၃ဝ မဟုတ်တော့ပဲ ၃၂ ယောက်ပါတဲ့။ တိုးလာတဲ့ ၂ ဦးလည်း ဂျပန်အစိုးရရဲ့ လူသားချင်းစာနာခံလိုက်ရတဲ့ ကံထူးရှင်ပေါ့လေ။ မကြာမှီ အောက်တိုဘာလအတွင်းမှာ ဂျပန်ကိုရောက် လာမယ့် ဖထီးသားလေး မိသားစု ၆ စုဟာ ဂျပန်ရောက်ရင် အရင်ဆုံး တိုကျိုမှာ ၆ လလောက် ဂျပန်စကားနဲ့ရိုးရာဓလေ့ထုံးစံတွေကို သင်ကြားရ မှာဖြစ်ပြီး သူတို့ကို ဂျပန်ပြည်ထဲက ဘယ်မြို့ရွာ၊ ဘယ်ဌာနကိုပို့မယ်ဆိုတဲ့ ကိစ္စကို အလျင်စလိုမဆုံးဖြတ်သေးကြောင်း သတင်းထုတ်ပြန်လိုက်တယ် လို့ ကြားသိရပါတယ်။

ဟုတ်ကဲ့... ဂျပန်လ.ဝ.ကရဲ့တံခါးကြီးကတော့ ဖွင့်တော့ထားပါတယ်။ အဲဒီ့ဝင်ပေါက်ဟာ ဂျပန်မှာအခြေကျနေထိုင်စေချင်တဲ့ ကျွမ်းကျင်လုပ်သား နိုင်ငံခြားသားအတွက်လား...။ သို့တည်းမဟုတ် ၂ဝ၂ဝ ခရီးသွားနှစ်မှာ ဝင်ငွေကောင်းအောင်အတွက်လားဆိုတာကိုတော့...
စာဖတ်သူများသာ ဆုံးဖြတ်တော်မူကြပါ။

...(ရွှေမြိုင်အောင်)
http://www.moethaukkye.co.cc/2010/08/blog-post_886.html မှကူးယူဖေါ်ပြသည်
(အဟောင်းလေးသာဖြစ်ပါသည်)

Friday, May 13, 2011

ချယ်ရီပန်းတွေကြွေခဲ့ပြီ.

ဂျပန်သမိုင်းမှာ ရာဇ၀င်တွင် စံချိန်တင် ပြင်းအား မဂ်နီကျု ၉ ရှိတဲ့ငလျင်ဟာ မတ်လ ၁၁ရက်နေ့က ဂျပန်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းကမ်းခြေ
ဒေသကိုဗဟိုပြုလို့ လှုပ်ခတ်သွားခဲ့ပါတယ်...လှုပ်ခတ်မှုဟာ ဂျပန်ရဲ့ပင်မကျွန်းကို ၈ပေလောက်ရွေ့လျားစေခဲ့ပြီး ကမ္ဘာ​ရဲ့ဝင်ရိုးတန်းကိုလဲ
၎လက္မလောက်ရွေ့သွားစေခဲ့တယ်တဲ့ခင်ဗျ.....

ငလျင်ရဲ့နောက်ဆက်တွဲအဖြစ် အဲဒီနေ့မှာပဲ ဆူနာမီ ရေလှိုင်းလုံးကြီးတွေက ဂျပန်နိုင်ငံရဲ့အရှေ့မြောက်ပိုင်းကမ်းရိုးတန်းဒေသက မြို့တွေကို
တိုက်စားဖြိုဖျက်ခဲ့ပြန်ပါတယ် ..ကားတွေ ကွန်တိန်နာတွေ ရေလှိုင်းတွေထဲမှာမျောနေတာကို သတင်းတွေထဲမှာကြည့်ရ တွေ့ရတာ စိတ်မကောင်း
စရာမြင်ကွင်းပါ ခင်ဗျာ.....

မတ်လ ၁၁ရက်နေ့နောက်ပိုင်းမှာ ငလျင်အလတ်စားတွေ..အသေးစားတွေဟာ နေ့တိုင်းနီးပါးလိုလို အကြိမ်ကြိမ် လှုပ်နေဆဲပါ..အိပ်နေတုန်း
ကိုယ့်အိတ်ယာကို တိုက်မိလို့ လှုပ်သွားရင်ကိုပဲ ငလျင်လှုပ်တယ်လို့ထင်ပြီး ငုတ်တုတ်ထထိုင် ခဲ့ရတဲ့အထိ စိတ်တွေလဲဂယောင် ခြောက်ခြား
ဖြစ်ကုန်ပါရောခင်ဗျား .....

ဆန်တွေပြေးဝယ်စုကြ  ဖယောင်းတိုင်တွေ လက်နှိပ်ဓါတ်မီးတွေ တစ်ရှူးစက္ကူ ရေသန့်ဘူး အခြောက်အခြမ်းအသင့်စားစရာတွေ ပြေးဝယ်ကြနဲ့
ရွှေမြိုင်အောင်တို့လဲ ဂျပန်လူမျိုးတွေနည်းတူ စုဆောင်းရတာပေါ့ခင်ဗျာ ..ကျောပိုးအိတ်တလုံးမှာ လိုအပ်မဲ့ ပစ္စည်းတွေ ထည့်ထားပြီး အသင့်
ပြင်ထားရတယ်ခင်ဗျ...အရေးကြုံရင် အလွယ်တကူ ကောက်ယူပြေးရအောင်လို့ပါခင်ဗျာ....

ငလျင်နဲ့ ဆူနာမီကြောင့် ဆုံးရှုံးခဲ့ရတဲ့တန်ဘိုးငွေ ပမာဏကိုအတိအကျစာရင်းမရနိုင်သေးပါတဲ့ခင်ဗျ..သေဆုံးသုအားလုံးပေါင်း ၁သောင်း ၃ထောင်
ခန့်ရှိပြီး ပျောက်ဆုံးနေသူတွေနဲ့ပေါင်းရင် အားလုံးပေါင်း လူဦးရေ ၂သောင်း ၈ထောင်ဝန်းကျင်သေဆုံး ပျောက်ဆုံးစာရင်းထဲမှာထည့်ထားပါတယ်.....

ဂျပန်နိုင်ငံမှာ ဆူနာမီနဲ့ ငလျင်ဘေးခံရ ပြီး ချက်ချင်းဆိုသလိုပဲ ကမ္ဘာ့နိုင်ငံ တွေရဲ့ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးအစီအစဉ်တွေကိုလက်ခံခဲ့
ပါတယ်..ရွှေနိုင်ငံမှာတော့ ဒါမျိုးလာမလုပ်နဲ့ မရဘူးနော် ..ငွေသာလာခဲ့ ကျန်တာမလာနဲ့သွား...မလိုချင်ဘူးလို့ မောင်းထုတ်ခဲ့တယ်မဟုတ်လား.....

ငလျင်နဲ့ ဆူနာမီခံ ဒေသကအသက်ရှင် ကျန်နေသူတွေကိုယာယီစခန်းလုပ်ထားတဲ့နေရာတွေမှာ နေထိုင်ဘို့စီစဉ်ပေးပြီး အစားအသောက်ထောက်ပံ့
ပေးတာတွေကိုတွေ့ရပါတယ် အလှူရှင်တွေပေးပို့လာတဲ့အစားအသောက်တွေကိုလဲ လုယက်တာမျိုးမရှိပဲ တန်းစီလို့..ဝေမျှလို့စားသုံးကြတာကို
တွေ့ရပါတယ်  ၀မ်းနည်း ကြည်နူးစရာပါခင်ဗျာ .....

ရွှေနိုင်ငံတော်မှာ နာဂစ်မုန်တိုင်းတိုက်ခတ်သွားတုန်းက ရွှေနိုင်ငံသားတွေဟာ အလှူရှင်တွေကိုမျှော်ရတယ် ကားလမ်းတလျှောက်လမ်းဘေး ၀ဲယာ
တွေမှာစောင့်လို့ မျှော်ကြတယ် ..အလှူရှင်တွေလာရင် အတင်းတိုးဝှေ့ပြီးတောင်းတာ လုယက်တာတွေ အင်တာနက်ထဲကဓါတ်ပုံတွေ ဗီဒီယို ဖိုင်တွေ
မှာတွေ့ရတယ်  ၀မ်းနည်းစိတ်မကောင်းစရာပါခင်ဗျာ.....

ရွှေနိုင်ငံမှာက တဖွဲ့လာလှူပြီးရင် နောက်တဖွဲ့ဘယ်တော့လာမယ်မသေချာဘူးမဟုတ်လား ..ပိတ်ဆို့မှုအကန့်အသတ်တွေကလည်းရှိသေး သတဲ့
နောက်ပြီးကြက်ဆူဘုရင်လက်အောင်က သက်ဆိုင်ရာ အာဏာပြ အဖွဲ့အစည်းတွေက ရလာရင်ကိုယ့်အိတ်ထောင်ထဲ ကိုယ်အရင်ထည့်ကြတာ
ဆိုတော့ အလှူရှင်လာတုန်းလေးရသလောက်လုယူထားမှ တော်ကာကျမယ်လေ ..နေ့ဘို့ညစာကိုလည်းချန်ထားရဦးမယ်မဟုတ်လား နောက်ထပ်
လှူမဲ့သူမလာရင် ဘယ်သူကကျွေးမှာလဲ တဲ့သုတို့ အဖြေနဲ့သူတို့ကတော့ဟုတ်နေတာပဲ...ဟုတ်တယ်ဟုတ်.....

ဂျပန်မှတော့ အလှူရှင်မလာလဲ ဒေသအုပ်ချုပ်တဲ့အဖွဲ့တွေက စီစဉ်င်္ပေးမှာဖြစ်တဲ့အတွက် အချိန်တန်ရင် စားသောက်ဘို့ကရောက်လာမယ်ဆိုတာ
သူတို့ယုံကြည်နေကြတယ်ဆိုတော့ အိနြေ္ဒရတာပေါ့ဗျာ..ဒါဟာပြည်သူလူထုရဲ့ အစိုးရအပေါ်ယုံကြည်မှုနဲ့သက်ဆိုင်တယ်လို့ ရွှေမြိုင်အောင်ပြော
လိုပါတယ်ခင်ဗျား.....

ဘေးဒဏ်ခံဒေသတွေမှာ အခုပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေလုပ်ဘို့ ငွေလိုလာပြီ ..အဲဒီလိုငွေတွေအတွက် အစိုးရက ငွေရပေါက်တွေရှာလာ
တယ် အခွန်တိုးကောက်တာမျိုး အပါအ၀င် အပိုဆောင်းငွေထုတ်ပေးဘို့ကိစ္စတွေအထိ အထက်လွှတ်တော် အောက်လွှတ်တော် တွေမှာဆွေးနွေးကြ
ညှိနှိုင်းကြဲငင်းခုံကြနဲ့ ၀န်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်တွေ မအားရပါခင်ဗျား.....

ရွှေနိုင်ငံတော်မှာတော့ ဒီလိုမျိုးကိစ္စအတွက်တော့ လွှတ်တော်လဲခေါ်စရာမလိုသလို ..လွှတ်တော်ထဲမှာလဲဆွေးနွေးမဲ့ပုံမပေါ်ပါဘူး ..လွှတ်တော်မရှိလို့ပါ
လို့မပြောပါနဲ့ခင်ဗျာ ..လွှတ်တော်ရှိရင်တောင်ဒီ့ထက်အရေးကြီးကိစ္စ`တွေ ရှိနေတယ်လို့ပြောပါလိမ့်မယ် .....
ကြက်ဆူဘုရင်ကြီးဆီကနေ ဘတ်ဂျက်ချပေးဘို့တောင်းဆိုရင် စစ်အသုံးစားရိတ်တောင်မလောက်လို့  အကြွေးတွေဝိုင်းနေတယ်လို့ပြောလေမလားမသိ
ပါခင်ဗျာ.....

နာဂစ်ဒဏ်ခံဒေသပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေအတွက် လုပ်ငန်းရှင်ကြီးတွေကို ရွှေနိုင်ငံမှာ ဘော်လုံးအသင်းတွေဖွဲ့ခိုင်းပြီး တာဝန်ယုခိုင်း
သလိုမျိုး အားကစားအဖွဲ့ချုပ်ဥက္ကဌ အဖြစ်တာဝန်ယူခိုင်းသလိုမျိုး  သဘာဝဘေးဒဏ်ခံရတဲ့ဒေသတွေမှာ မြို့နယ်အလိုက် ..ဇုံအလိုက် လွတ်နေတဲ့မြေ
ကွက်တွေမှာ  အိမ်ဆောက်ပေးပြီး ရောင်းစားကြပေတော့လို့ ခွဲတမ်းပေးလိုက်ရင် ကွမ်း၂ယာမညက်ခင်မှာပဲသူတို့ အားလုံးအဆင်ပြေသွားမဲ့ စီမံကိန်းကြီး ရေးဆွဲခဲ့တာမဟုတ်ပါလားခင်ဗျာ .....

ဂျပန်နိုင်ငံမှာ ဆူနာမီနဲ့ ငလျင်ဘေးခံရတဲ့ဒေသတွေမှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းလုပ်ပြီး အဲဒီဒေသတွေမှာ လုပ်ငန်းတွေပုံမှန် အသားကျလည်
ပတ်နိုင်ဘို့အချိန်ယူရမှာဖြစ်သတဲ့ ..သက္ကရာဇ် ၂၀၂၀ ခုနှစ်လောက်မှပဲ ယခင်လိုပုံမှန်အနေအထားကို ပြန်မြင်ရမှာပါလို့ မျှော်လင့်ကြတယ်တဲ့...ကွာခြား
သွားပြီနော်..အများကြီးကွာခြားသွားပြီ ..ရွှေနိုင်ငံတော်ကြီးနဲ့ အများကြီးမှ အများကြီးကို ကွာခြားသွားခဲ့ပြီ.....

ဂျပန်မှာဆုနာမီကြောင့် သေပျောက်ဦးရေ သောင်းဂဏန်းပဲရှိတယ် ရွှေနိုင်ငံမှာနာဂစ်မုန်တိုင်းကြောင့် သေပျောက်ဦးရေ သိန်းချီခဲ့တယ် အိုးမဲ့အိမ်မဲ့ ဖြစ်
သွားသူတွေကအများကြီး ကျန်ခဲ့ရတယ် ..ရွှေနိုင်ငံထုတ်သတင်းစာတွေထဲမှာ ရေဒီယို တယ်လီဗေးရှင်းသတင်းတွေထဲမှာ နာဂစ်မုန်တိုင်းခံဒေသတွေမှာ
ကြက်ဆူဘုရင်ကြီးရဲ့ လမ်းညွှန်မှုအတိုင်း ပြန်လည်တည်ဆောက်ရေးတွေလုပ်ခဲ့ရာမှာ အချိန်တိုအတွင်း လျှင်မြန်စွာလုပ်ဆောင်နိုင်ခဲ့လို့ အခုဆို လမ်းပန်း
ဆက်သွယ်ရေးကအစ လုပ်ငန်းတွေပုံမှန် ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း လွန်ခဲ့တဲ့ ၁နှစ်ကျော်က သတင်းထုတ်ခဲ့တယ်ခင်ဗျ.....

ဒါဆိုရင်မုန်တိုင်းသင့်ခံရပြီး ၁နှစ်ကျော် ၂နှစ်မပြည့်မီ မှာပဲအားလုံး နေသားတကျ ပြန်ဖြစ်သွားပြီလို့ယူဆလိုက်ပါမယ်.. အံ့ဘွယ်သူရဲ အရမ်းမြန်တယ်နော်
.. ဒီအတိုင်းဆိုရင် ဂျပန်တွေအနေနဲ့ ကြက်ဆူအုပ်စုဆီမှာ ဘယ်လိုစီမံကိန်းများချမှတ်လုပ်ဆောင်ပါသလဲလို့ သွားရောက်မေးမြန်းပြီးတပည့်ခံသင့်တယ်လို့
ရွှေမြိုင်အောင်တိုက်တွန်းချင်ပါတယ် .....

နာဂစ်မုန်တိုင်းတိုက်ပြီးတာအခုဆို ၃နှစ်ပြည့်ပြီးသွားခဲ့ပါပြီ မုန်တိုင်းဒဏ်ခံရတဲ့ဒေသတွေမှာ စာသင်ကျောင်းမလုံလောက်မှု သောက်သုံးရေမလုံလောက်မှု
အလုပ်အကိုင်အခက်အခဲ စတာတွေအများကြီးရှိနေဆဲပါ ..လယ်ကန်သင်းရိုးပြတ်တွေပေါ်မှာလူတွေ လမ်းလျှောက်လို့ရနေရင် .. ချိုင့်ခွက်တွေအပြည့်နဲ့  မြေသားလမ်းတွေပေါ် စက်ဘီးတွေ ဆိုင်ကယ်တွေ နွားလှည်းတွေ ထော်လာဂျီတွေ  တဂုံးဂုံး တဂွမ်းဂွမ်းနဲ့  သွားနေရင် ..မြစ်ချောင်းတွေထဲမှာ လှေငယ်လေး
တွေလှော်ခတ်သွားနေရင် ပဲ ကုန်းလမ်းရေလမ်း လမ်းပန်းဆက်သွယ်ရေး ပုံမှန်ပြန်ဖြစ်နေပြီလို့ ကြက်ဆူအုပ်စုက သူ့အဆင့်နဲ့သူသတ်မှတ်လိုက်တယ်
ထင်ပါရဲ့ခင်ဗျာ.....

မုန်တိုင်းခိုအဆောက်အဦးနဲ့ အိမ်အနည်းအကျဉ်းဆောက်ပြီးရောင်းရုံ.. လယ်ကွင်းထဲမှာလယ်စောင့်တဲတွေပြန်တွေ့မြင်ရရုံနဲ့ နေစရာအတွက် ပြည့်စုံပြီ
လို့ယူဆတယ်ထင်ပါတယ်..မြစ်တွေချောင်းတွေထဲမှာ ငါးရှာသူတွေ တွေ့မြင်ရရုံ ..ချဲထီ နှစ်လုံးထီ လောင်းကစားလုပ်ငန်းတွေကိုမြင်တာနဲ့ စီးပွားရေး
လုပ်ငန်းတွေပြန်လည်ပတ်နေပြီ အလုပ်အကိုင်တွေ ပေါနေပြီလို့ သတ်မှတ်ခဲ့တယ်ဆိုရင်တော့ ..ကြက်ဆူအုပ်စုရဲ့ အဆင့်အတန်းနဲ့ စေတနာကို အဆင့်
သတ်မှတ်ထားလို့ရပါတယ်ခင်ဗျား.....

ရွှေနိုင်ငံရဲ့နှစ်သစ်ကူးတန်ခူးလမှာပွင့်တဲ့ ပိတောက်ပန်းတွေလဲ ပွင့်ကြွေခဲ့ပြီး နှစ်ကူးအချိန် လဲလွန်ခဲ့ပါပြီ် ခင်ဗျာ..မေလလယ်ဆိုရွှေနိုင်ငံတော်မှာ ပြက္ခဒိန်
အလိုအရ မုတ်သုန်အ၀င် မိုးရာသီရောက်ပါတော့မယ် ..ဂျပန်မှာလဲ ဆာကူရာ ခေါ်ချယ်ရီပန်းတွေ ပွင့်ကြွေချိန်ကျော်လွန်လို့ အပင်ထက်မှာ အရွက်တွေ
တဖန် ဖူးသစ်ခဲ့ပါပြီ.. ချယ်ရီပန်းတွေပွင့်ချိန်ဟာ ဂျပန်မှာ ဒေသတခုနဲ့တခု အချိန်ကွာခြားပါတယ် ...ဒေသတခုချင်းရဲ့အပူချိန် ကွာခြားချက်ကြောင့်ပါတဲ့
ခင်ဗျာ.....

ချယ်ရီပန်းတွေပွင့်တဲ့မြို့ရွာဒေသတွေမှာ အတီးအမှုတ်အကအခုန်တွေ.. အစားအသောက်ရောင်းချတာတွေနဲ့အတူ ပန်းကြည့်ပွဲ ပျော်ပွဲရွှင်ပွဲတွေကို ပျော်
ပျော်ပါးပါးဆင်နွှဲလေ့ရှိကြပါတယ်...ဒီနှစ်တော့ ငလျင်နဲ့ဆူနာမီ ဒဏ်ခံရသူတွေကိုကိုယ်ချင်းစာစိတ်နဲ့  ချယ်ရီပန်းကြည့်ပွဲတွေကျင်းပတာကို ဒီနှစ်ထဲ မှာရွှေမြိုင်အောင် သိရသလောက် လုပ်တာကိုမတွေ့ရပါခင်ဗျာ.....

နှစ်စဉ်နှစ်တိုင်း  ချယ်ရီပန်းကြည့်ပွဲတွေကျင်းပရင် ပျော်ရွှင်နေကြတဲ့ ဂျပန်မိသားစုတွေကို တွေ့မြင်ရတာ ကြည်နူးစရာတခုလို့ ရွှေမြိုင်အောင် ရင်ထဲမှတ်
ထားပါတယ် ..ဒီနှစ်မှာ ကြည်နူးစရာမြင်ကွင်းကို ..ချယ်ရီပန်းတွေလဲကြွေခဲ့ပြီမို့ မြင်တွေ့ခွင့်ရတော့မှာမဟုတ်ပေမဲ့ ..နောင်လာမဲ့နှစ်တွေမှာ တွေ့ရပါစေကြောင်း ရွှေမြိုင်အောင် ဆုတောင်းလိုက်ပါတယ်ခင်ဗျာ.....

(ရွှေမြိုင်အောင်)

Thursday, May 5, 2011

ယုံကြည်မှုအရအပ်နှံခြင်း၏နောက်

လောကကြီးမှာမမှားသောရှေ့နေ၊မသေသောဆေးသမားဆိုတဲ့စကားပုံရှိတယ်ဆိုပေမဲ့၊ဒီကနေ့ဂလိုဘယ်လိုင်ဇေးရှင်းခေတ်ကြီးမှာ ဆေးဆရာမှားသောကြောင့်
လူနာသေဆိုတာတွေကျယ်ကျယ်လောင်လောင်ကြားလာရပါတယ်...သေနေ့စေ့နေတဲ့လူနာကိုသွားကုမိတော့ ဆရာဝန်နာမည်ပျက်တာပေါ့လို့ပြောလို့ရပေမဲ့..
တကယ်သေနေ့မစေ့ပဲ မသေသင့်တဲ့လူနာသေခဲ့ရတဲ့ဖြစ်ရပ်ဂျပန်မှာဖြစ်ပေါ်ခဲ့ပါသော်ကောဗျာ.......

လူုနာသေဆုံးခဲ့တာက ၂၀၀၆ ခုနှစ်ကဖြစ်ပြီး..မနှစ်က ရွှေဂုံတိုင်အထူးကုဆေးခန်းမှာ မခိုင်ရွှန်းလဲ့ရည် ဆုံးပါးသွားအောင်ခွဲစိတ်ပေးခဲ့တဲ့ ရွှေနိုင်ငံတော်က
ဆရာဝန်နဲ့ လုပ်ကိုင်ပုံလေးတွေတူနေတာကိုတွေ့လိုက်ရတယ်ခင်ဗျ...ဇာတ်လမ်းကဒီလိုပါတဲ့........

Nara ခရိုင်Yamatokoriyama မြို့ကနှလုံးသွေးကြောရောဂါအထူးကု ဆရာဝန် Fumio Yamamoto (၅၂နှစ်)နဲ့အတူ အဆုတ်ခွဲစိတ်ဆရာဝန်Yasukiho
Tsumamoto (၅၄နှစ်)တို့ဟာ ၂၀၀၆ ဇွန်လ ၁၆ ရက်နေ့မှာ အသက် ၅၁ နှစ်အရွယ်ရှိ လူနာတယောက်ကို၊အသည်းမှာရှိနေတဲ့အကြိတ်တခုကိုခွဲစိတ်ကုသခဲ့ကြ
တယ်တဲ့...ခွဲစိတ်ကုသမယ်ဆိုပေမဲ့လည်း လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေ သွေးသွင်းဘို့တွေကအစ ဘာမှသေသေချာချာမလုပ်ခဲ့ဘူးဆိုပဲ..တူလိုက်တာနော်
ရွှေနိုင်ငံတော်ကဆရာဝန်နဲ့တူတာမှတထပ်တည်းပဲ...အသည်းကိုခွဲစိတ်တာကိုတောင် “ဒါလွယ်လွယ်လေးပါ”လို့ပြောသေးတယ်တဲ့.....

တကယ်ဆို ဒီလိုခွဲစိတ်မှုမျိုးအတွက် ဆရာဝန် ၇ယောက် ဂယောက် ထက်မနဲပါဝင်ရမှာဖြစ်ပြီး၊သွေး ၂လီတာလောက်ကိုလဲလိုအပ်ရင်သွင်းဘို့အရန်သင့်
ဆောင်ထားရပါလိမ့်မယ်..သာမန်ဝမ်းခေါင်းပိုင်းဆိုင်ရာရောဂါခွဲစိတ်ဘို့အတွက်ဆိုရင် သွေးတစ်လီတာခွဲလောက်နဲ့အဆင်ပြေနိုင်ပေမဲ့ အသည်းကျတော့ သွေး
ကြောတွေအလွန်များလို့ လိုအပ်တာနဲ့ ဟောကနဲ..ဟောကနဲ သွင်းပေးနိုင်အောင် ပိုပြီးဆောင်ထားရတာဖြစ်ပါတယ်....

ခွဲစိတ်ဆရာဝန်ရဲ့တာဝန်ယူမှုကင်းမဲ့တာကတော့သြချလောက်ပါရဲ့ဗျာ ..လူနာကိုခွဲစိတ်ဖြတ်တောက် ပြန်ချုပ်ပေးပြီးကတည်းကနေထွက်သွားလိုက်တာ.....
လုနာကသွေးထွက်လွန်ပြီး ဖုတ်လှိုက် ဖုတ်လှိုက်ဖြစ်လာလို့ သူနာပြုကပဲ ကြက်ခြေနီသွေးလှူဘဏ်ကိုဖုန်းဆက် ..သွေးသွင်း ..သူလုပ်နိုင်သလောက်လုပ်ပေး
ခဲ့ပေမဲ့...ဟုတ်ကဲ့ ၀မ်းနည်းစရာပါ ..လူနာခမျာခွဲစိတ်ပြီး လေးနာရီခွဲအကြာမှာ ဆုံးပါးသွားခဲ့ရှာပါတယ်.....

လူနာသွေးထွက်လွန်ချိန်မှာ သူနာပြုက ဆရာဝန်ထံကိုဖုန်းဆက်ပြီး  လူနာရဲ့အခြေအနေမကောင်းကြောင်းပြောဘို့ကြိုးစားပေမဲ့ ဆရာသမားကဖုန်းမကိုင်ဘူးဆိုပဲ
ရွှေနိုင်ငံတော်ကဆရာဝန်အချို့နဲ့သိပ်မကွာဘူးနော်..ရွှေမြိုင်အောင် တို့ဒေသစကားနဲ့ဆို “တူမှတူ..တူမှတူပဲကွယ့်”လို့ဆိုတာမျိုးပေါ့.....

ဆေးရုံကနေသေတမ်းစာထုတ်တဲ့အသုံးအနှုန်းကလဲတူနေပြန်ရောဗျို့..ဘယ်လိုတူသလဲဆိုတော့ သေဆုံးသူလူနာရှင် မိဘတွေကို လူနာဟာနှလုံးရောဂါရှိလို့
နှလုံးရှော့ဖြစ်ပြီးသေရတာ လို့အကြောင်းပြန်ပါတယ်..တူတယ်ဟုတ် ....ဒါပေမဲ့စုံစမ်းစစ်ဆေးမှုတွေအရ လူနာဟာခွဲစိတ်ကုသခံရမှုကြောင့်သေဆုံးခဲ့ရတာဖြစ်
ပြီး..အသည်းမှာအကြိတ်ဖြစ်နေတာမှန်ပေမဲ့ ကျွမ်းကျင်မှုမရှိတာကြောင့် အသည်းရဲ့သွေးပြန်ကြောကိုထိခိုက်မိကာ သွေးထွက်လွန်ပြီးသေဆုံးခဲ့ရတာဖြစ်တယ်
လို့အဖြေထွက်ပါတယ်.....

Yamamoto ကသူ့မှာအပြစ်မရှိဘူးလို့ငြင်းနေပေမဲ့နောက်တဦးဖြစ်တဲ့Tsukamoto ကတော့အပြစ်ရှိကြောင်းဝန်ခံပါတယ် ..ဒီနှစ်ဇန်နာဝါရီလထဲမှာ Nara ခရိုင်
တရားရုံးက Yamamoto ကို၂၀၀၅ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်း လုမှုရေးအသင်းတခုကနေ ဂျပန်ယန်းငွေ ၈.၃ သန်းကိုကလိမ်ကကျစ်ကျတဲ့အမှုနဲ့
ထောင်ဒဏ် ၂နှစ်ခွဲချမှတ်ခဲ့ပေမဲ့လဲ ငိုပြအသနားခံလို့ ဇန်နာဝါရီလ ၁၈ ရက်နေ့ကအာမခံနဲ့လွှတ်ပေးထားရာကအခုလိုပြန်ဖမ်းခဲ့တာဖြစ်သတဲ့.....

ဇာတ်လမ်းလေးဆက်လိုက်ကြရအောင်...ဒီလိုဆိုရင် ရွှေမြိုင်အောင်တို့ရဲ့ ရွှေနိုင်ငံတော်ကြီးမှာ ဆေးကောင်စီက ပတ်သက်ခဲ့တဲ့ဆရာဝန်ကိုအမြန်စစ်ဆေး..
ဆ.မ လက်မှတ်ကို ၅နှစ်သိမ်းဆိုတဲ့ပြစ်ဒဏ်ကိုမြန်မြန်ဆန်ဆန်ချမှတ်ခဲ့တာပဲရှိခဲ့ပြီး ဖမ်းဆီးချုပ်နှောင်တာမျိုးမရှိခဲ့ပါဘူး...သူ့နိုင်ငံသူ့ဥပဒေပေါ့ဗျာလို့
ပြောချင်သပဆိုပြောလို့ရပါတယ်..ဂျပန်မှာ ၂၀၀၆ ကဖြစ်ခဲ့တဲ့အဲဒီကိစ္စကို အခုမှရဲကစပြီးဖမ်းတုန်းရှိသေးတယ်..အမှုရဲ့နောက်ဆုံး ဆုံးဖြတ်ချက်ဟာဘယ်လို
ရှိမယ်ဆိုတာအခုချိန်မှာမသိနိုင်သေးဘူးပေါ့နော်.....

ဘာပဲပြောပြော ဆရာဝန်ဆိုတဲ့သမား အပေါ်ယုံကြည်မှုအရ ၊ရောဂါပျောက်ကင်းလိုတဲ့အတွက်  မိမိခန္ဒာကိုယ်ကို အပ်နှံမိတဲ့လူနာကို ဒီလိုဖြစ်စေတာက..
ယုံကြည်မှုကိုအလွဲသုံးစားလုပ်တာရယ်..လူတယောက်ရဲ့အသက်ကိုဆုံးပါးစေတာရယ်ဖြစ်လေတော့ ဂျပန်မှာဥပဒေအတိုင်းဆို ထောင်ကျဘို့ရာခိုင်နှုန်းများ
တယ်လို့ ပွစိပွစိပြောသံတွေကြားရပါတယ်.....

ရွှေနိုင်ငံတော်ရဲ့ ရွှေဂုံတိုင်အထူးကုဆေးခန်းပိုင်ရှင်များက သေဆုံးသူ မခိုင်ရွှန်းလဲ့ရည် ရဲ့မိသားစုကိုတောင်းပန်ခဲ့ပြီး ငွေကြေးအချို့နဲ့လျှော်ကြေးပေးကာ
သုတို့ရဲ့ဆေးခန်းမှာလုနာတွေဝင်လာမစဲတသဲသဲ ဆက်လက်ဖြစ်နေပေမဲ့ ..ဂျပန်ကအဲဒီဆေးရုံကတော့ လူယုံကြည်မှုကင်းမဲ့သွားတဲ့နောက်....
ဒေ၀ါလီခံဘို့ပြင်ဆင်နေကြောင်းပါတဲ့ခင်ဗျား.....

( ရွှေမြိုင်အောင်)

Sunday, April 24, 2011

ရာပြည့်မွေးနေ့ပွဲကိုစိတ်ကူးကြည့်တဲ့အခါ

အခုရက်ပိုင်း လပိုင်းဂျပန်သတင်းတွေထဲမှာ အသက်ရာကျော် ဂျပန် ဖိုးဖိုးဖွားဖွား ၂၈၁ယောက်ပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းဟာ ရွှေမြိုင်အောင်
အတွက်အထူးအဆန်းဖြစ်စေခဲ့ပါတယ် ....လူဦးရေစာရင်းဇယားပြုရာမှာ အရမ်းကိုသေချာပါတယ်လို့သတ်မှတ်ခံရတဲ့ ဂျပန်မှာဒါမျိုးဖြစ်တယ်ဆိုတော့
အံ့ဖွယ်တစ်ပါး မဟုတ်ပေဘူးလားခင်ဗျာ .....

ဒီနေ့ခေတ်မပြောနဲ့ ကမ္ဘာစစ်အတွင်းကကျဆုံးပျေက်ဆုံးခဲ့တဲ့သူတွေကိုတောင် နာမည်နဲ့တကွ လူပျောက်ရှာ ..အရိုးကောက်လုပ်နိုင်ခဲ့တာကို ကြည့်ရင်ပဲ
ဂျပန်ရဲ့စေ့စပ်သေချာမှုအတိုင်းအတာကိုသိနိုင်ပါတယ် .....

ဒါလေးများ ..ရွှေမြိုင်အောင်ရယ် ..ကမ္ဘာစစ်တုန်းကဆိုတာ စစ်မှုထမ်းတာလေ ..စစ်သားဆိုတော့ ကိုယ်ပိုင်နံပါတ်.. နာမည် ..တိုက်ပွဲသွားတဲ့စစ်မျက်နှာပြင်
တို့ကို တိုက်ဆိုင်စစ်ဆေးရင် ..အဖြေရှာလို့ရတာပေါ့ကွာလို့ပြောလာရင်လဲ......မိမိရဲ့ဆန္ဒအတိုင်းပါ ရွှေမြိုင်အောင် မည်သို့မျှမငြင်းလိုပါခင်ဗျာ .....

အဲဒီလိုပျောက်ဆုံးနေတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘယ်သူတွေကများဖမ်းဆီးသွားပါသလဲ ..ဘယ်သူကများ တနေရာမှာ ရာစုဟောင်းကလူများဆိုပြီး မြို့ရွာတည်
ပေးနေသလား..ဒါမှမဟုတ်ပြန်ပေးဆွဲသမားတွေက ခေါ်သွားသလား ဆိုပြီး တွေးထင်စရာပါ .....

တကယ့်ဖြစ်ရပ်ကဒီလို ...အမှန်တကယ်အသက်ရှင်လျှက်ရှိနေမယ်ဆိုရင် အသက် ၁၁၁နှစ်ရှိမှာဖြစ်ပြီး တိုကျိုမှာအသက်အကြီးဆုံးဖိုးဖိုးလို့ အမည်တွင်မဲ့
Sogen Kato ရဲ့ ခန္ဓာကိုယ် အရိုးစုကိုရဲတပ်ဖွဲ့ကရှာဖွေတွေ့ပြီးနောက် ..သေဆုံးခဲ့မှုဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ..၃၀ လောက်ကတည်းကဖြစ်နိုင်ကြောင်း
စစ်ဆေးခဲ့ပြီး မကြာမီ ..အသက် ၁၁၃နှစ်ရှိပြီဖြစ်လို့ မြို့တော်ရဲ့အသက်အကြီးဆုံးဖွားဖွား Fusa Furuya ကိုလွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကတည်းက မတွေ့
ရတော့ဘူးလို့ မိသားစုဝင်တွေကပြောခဲ့ရာကစ  ..တနိုင်ငံလုံးမှာရှိတဲ့သက်ကြီးရွယ်အိုတွေကိုရှာဖွေစာရင်းပြုစုဘို့ ကမန်းကတန်းလုပ်ကြရောတဲ့ .....

ပျောက်သောသူရှာရင်တွေ့ဆိုတဲ့စကားဟာ အခုလိုကိစ္စအတွက်ချွင်းချက်ဖြစ်ပါလိမ့်မယ် ...ဒီလိုရှာတဲ့အခါကျတော့ ပျောက်နေတဲ့ ဖိုးဖိုးဖွားဖွား တွေစာရင်း
ကပေါ်လာရောဗျို့...လူတွေကိုတော့မတွေ့ရတော့ဘူး ..အဲဒီထဲကတူတာတွေကိုစုကြည့်လိုက်တော့  ..အချို့သက်ဆိုင်ရာမြို့နယ်ရုံးတွေက ဖိုးဖိုးဖွားဖွား
တွေပျေက်ဆုံးနေတာကိုသိပေမဲ့  နောက်တဆင့်လုပ်စရာကိစ္စဖြစ်တဲ့ နေထိုင်ကြောင်းမှတ်ပုံတင်စာရင်းကနေဖျက်ပစ်ဘို့ မလုပ်ခဲ့ကြဘူးလို့ဆိုပါတယ် .....

အခြားတူရာအုပ်စုမှာတော့ မိသားစုဝင်တွေကရဲဌာနကို လူပျောက်ကြောင်းတိုင်ကြားခဲ့ပေမဲ့ သက်ဆိုင်ရာမြို့နယ် ရုံးတွေကိုသတင်းမပို့လို့ မြို့နယ် ရုံး တွေ
ကမသိခဲ့ရတာတွေလဲရှိပါတယ်တဲ့ခင်ဗျ ....

နာရမြို့ကအဖြစ်အပျက်ဆိုရင်  လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀တုန်းက အမျိုးသမီးကြီး တဦးပျောက်ဆုံးခဲ့လို့ မိသားစုဝင်တွေကရဲကိုအကြောင်းကြားပါတယ်တဲ့ ...
အခုနှစ်မေလက ထိုအမျိုးသမီးကြီး ဟာ အသက် ၁၀၀ ရှိပြီဖြစ်တဲ့အတွက် မြို့နယ်ရုံးကလက်ဆောင်ပေးဘို့အတွက် လိပ်စာအတိုင်းဆက်သွယ်ကြည့်
တော့မှ အဲဒီဖွားဖွား ပျောက်ဆုံးနေတာကိုသိရောတဲ့ ...

အဲဒီဖွားဖွား နဲ့သက်ဆိုင်တဲ့ပင်စင်ခံစားခွင့်ငွေကိုအဲဒီဖွားဖွား ရဲ့အမည်ပေါက် ငွေစာရင်းထဲ ၁၉၇၅ ဇွန်လကနေ ၁၉၉၅ဇွန်လအထိ ထည့်ပေးခဲ့တယ်တဲ့ခင်ဗျာ
..ဒီငွေတွေကိုဘယ်သူတွေထုတ်သုံးသလဲ ..ဘာကြောင့်လူပျောက်ကြောင်းမြို့နယ်ရုံးကိုအကြောင်းမကြားသလဲ ဆိုတာကို ရွှေမြိုင်အောင် အတွေးထဲမှာ
ရေးရေးကလေးပေါ်လာခဲ့ပါတယ် ..မပြောတာပဲကောင်းတယ် ..ဟုတ်တယ်ဟုတ် .....

ဂျပန်မှာသက်ကြီးရွယ်အိုတွေကိုစာရင်းပြုစုဘို့ Community Walfare Volunteers တွေထားရှိသတဲ့ ..အဲဒီ Volunteer တဦးစီဟာ  အိမ်ထောင်စု ၄၄၀ အထိ
အမြင့်ဆုံးစာရင်းပြုစုရန် အစိုးရကသတ်မှတ်ပေးထားပေမဲ့  တကယ်တန်းအချို့ Volunteer အချို့မှာ အိမ်ထောင်စု ၂၀၀၀ အထိစာရင်းကို မနိုင်ဝန်ထမ်းပြီး
လုပ်နေရတယ်လို့ ထုတ်ပြောလာကြပါတယ် .....

ရွှေနိုင်ငံတော်ကြီးမှာလည်း မင်္ဂလာဗျူဟာ ပရဟိတ အဖွဲ့လို Volunteer အဖွဲ့ကိုစာရင်းလာပေးထားတဲ့ အသက်ရာကျော်ဖိုးဖိုး ၁၃ဦး ဖွားဖွား ၄၄ဦး သံဃာ
၂ပါး သီလရှင် ၁ပါးရှိပြီး  စာရင်းမပေးပဲအသက်ရာကျော်ရှိသူတွေလဲရှိနိုင်ပါသေးတယ် ..အဲဒီအထဲကမှ မန္တလေးတိုင်း အမရပူရမြို့နယ် ပေါက်ခြံကုန်းကျေးရွာ
က ကျေးရွာဘုန်းတော်ကြီးကျောင်းမှာမှီတင်းနေထိုင်တဲ့ဒေါ်မြကြည်ဟာ ၁၂၅၄ခု(၁၈၉၂ခု) သီတင်းကျွတ်လဆန်း ၁ရက်နေ့မှာမွေးဖွားတဲ့အတွက်
အခုဆိုရင် အသက် ၁၁၈နှစ်ရှိနေပါပြီ  .....

၁၈၉၆ ခု ဖေဖေါ်ဝါရီလ ၁၆ရက်နေ့မှာမွေးတဲ့ပြင်သစ်လူမျိုး Eugenie Blanchard ဟာ အသက် ၁၁၄နှစ်နဲ့ လက်ရှိကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ်
နေရာယူထားပါတယ်  ဒါပေမဲ့ဖွားဖွားဒေါ်မြကြည်ဟာ Eugenie ထက် ၄နှစ်ခန့်ပိုကြီးတာမို့ ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ်သတ်မှတ်ခံရနိုင်ဖွယ်
ရှိတယ်လို့သိရတော့ မြန်မာနိုင်ငံသားတယောက်ဖြစ်တဲ့ ရွှေမြိုင်အောင် ဂုဏ်ယူမိပါတယ်ခင်ဗျာ.....

ဒါ့အပြင်ဖွားဖွားဒေါ်မြကြည် မှီခိုနေထိုင်နေတဲ့ဘုန်းကြီးကျောင်းကို ကြက်ဆူဘုရင်ရဲ့လက်ပါးစေတွေဖျက်လိုဖျက်စီး မပြုစေဘို့ဘုရားမှာဆုတောင်း
ပေးရပြန်ပါတယ် ..ဟုတ်တယ်လေ ရွှေနိုင်ငံတော်မှာ ကြက်ဆူဘုရင်ရဲ့လုတွေက မထင်ရင်မထင်သလို သံဃာတော်တွေကိုအတင်း သိက္ခာချ ..လူဝတ်လဲ
ခိုင်း..ဖမ်းဆီးနှိပ်စက် တာတွေ ..ရွှေတိဂုံဘုရားပရ၀ုဏ်အတွင်းရှိတဲ့ ကျောင်းတိုက်အချို့ကသံဃာတွေကိုလဲ ၀ါတွင်းကာလထဲမှာတောင် အတင်းနေရာရွှေ့
ခိုင်းလုပ်နေတာ ..ကြက်ဆူအုပ်စုအမုန်းကြီးမုန်းတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖျားဆွတ်နာမည်တူတဲ့ဖွားဖွားဒေါ်မြကြည်ကိုလဲ မကြည် ..မကြည် ..
မကြည် ဆိုတဲ့ နာမည်အကြောင်းပြချက်ကြောင့် ဘုန်းကြီးကျောင်းကို မနှောင့်ယှက်ဘူးလို့အာမမခံနိုင်ဘူးမဟုတ်လား .....

ကြက်ဆူအုပ်စုက သံဃာတော်တွေ ကျောင်းတိုက်တွေနဲ့ သာဿနိကအဆောက် အအုံတွေကိုလုံးဝအလစ်ပေးတာမဟုတ်ဘူး အမြဲစောင့်ကြည့်နေတာ ...
၈၈၈၈ အရေးတော်ပုံတုန်းက မော်လမြိုင်မြို့ရဲ့အဓိကသပိတ်စခန်းဟာ ကျိုက်သုတ်ဘုရားပရ၀ုဏ်မှာစခန်းတည်ပါတယ် ...ကျိုက်သုတ်ဘုရားလမ်းနဲ့
အနီးဆုံးထားဝယ်တံတားလမ်းနဲ့ ဗဟိုလမ်းဆုံနေရာမှာ ဆန္ဒပြသူတွေကိုစစ်တပ်ရဲ့ တစ်ကြိမ်ထဲသောသေနတ်နဲ့ပစ်ခတ် နှိမ်နင်းမှုကြောင့် မော်လမြိုင်
မြို့မှာ ဒီမိုကရေစီဘက်တော်သား ၇ဦး အသက်ပေးခဲ့ရပါတယ် ...တစ်ကြိမ်ထဲပါ ..တစ်ညနေခင်းထဲပါ ..ထားဝယ်တံတားလမ်းပေါ်မှာရှိတဲ့
အဲဒီတုန်းကဆောက်လုပ်နေဆဲ မွန်အမျိုးသားပြတိုက်အဆောက်အဦးပေါ်ကနေပစ်တာခင်ဗျ .....

ရေးလက်စနဲ့ရေးပါရစေ ..၈၈၈၈ အကြောင်းဆိုတာနဲ့ ခံစားချက်ကလေးကပိုလာလို့ ပါခင်ဗျာ ...၈၈၈၈အရေးအခင်းဖြစ်ပွားခဲ့တာ ၂၂နှစ်ပြည့်ခဲ့ပြီ ..

သံဃာတော်တွေဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးတောင် ၃နှစ်မြောက်နှစ်ပတ်လည်ခဲ့ပြီ...ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ကြည့်တော့  အသက်က
ရာစုနှစ်ရဲ့တ၀က်နားရောက်နေခဲ့ပါရောလား ..ဘုရား ဘုရား..(တကယ်လို့များဖြစ်ခဲ့ရင်) ရွှေမြိုင်အောင်ရဲ့ အသက်ရာပြည့်မွေးနေ့လက်ဆောင်ကို
ရွှေမြိုင်အောင် နေထိုင်တဲ့ ဂျပန်မြို့နယ်ရုံးက လာပေးတာကိုယူမလား ...ဒါမှမဟုတ် မွေးရပ်မြေက ဘုန်းကြီးကျောင်းတခုမှာ အသက်ရာပြည့်မွေးနေ့ကို
လူသူမသိပဲအေးချမ်းစွာဖြတ်သန်းသွားမလားဆိုတာ .....
 မေးနေစရာမလိုပါခင်ဗျာ..ခန္ဒာကိုယ်ရဲ့အသွေးအသားထဲမှာ အဖြေကရှိနှင့်နေပြီးသားဖြစ်ပါတယ် ...အကြောင်း ကြောင်းကြောင့် လက်ရှိမွေးရပ်မြေ
ကနေထွက်ခွာခဲ့ရတယ်  ရေကြည်ရာမြက်နုရာကိုရှာဖွေတာတော့မဟုတ်ပါ  ..ရွှေမြိုင်အောင်လက်ရှိခိုလှုံနေထိုင်နေတဲ့ နိပွန် ဂျပန်နိုင်ငံတော်ကြီးကို
အထူးတကယ်ကျေးဇူးတင်ပါတယ်.....

ဂျပန် “ရားမန်း” ခေါက်ဆွဲဘယ်လိုကောင်းကောင်း မွန်ပြည်နယ်က ရေစိမ်မုန့်တီကိုသတိရမိပါတယ် ...ဂျပန် “ဆူရှီ” ဘယ်လိုအရသာရှိရှိ မော်လမြိုင်
သင်္ကြန်ထမင်းကိုတမ်းတမိပါတယ် .....


၈၈၈၈ အရေးတော်ပုံနဲ့အတူ ရွှေမြိုင်အောင်ရဲ့တက္ကသိုလ်ကျောင်းသားဘ၀လဲ “ ပလုံစွပ်”ဆိုသလိုဆာရိုးနာရ ဖြစ်ခဲ့ပြီးပေမဲ့ ကိုမင်းကိုနိုင်ပြောခဲ့သလို
“ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံပြန်စိုက်ရအောင် ..” ကြိုးစားနေဆဲပါ.....

ဘာသာတိုင်းအတွက် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်တွေအပြည့်အ၀မရတော့တဲ့ ရွှေနိုင်ငံတော်ကြီးမှာ တဖြည်းဖြည်းနဲ့ ကြက်ဆူဘုရင်ရဲ့
တပ်တွေ..နောက်လိုက်တွေကနှိပ်ကွပ်လို့ ဘုန်းတော်ကြီးကျောင်းတွေ မရှိတော့ရင် ပြဿနာပဲ ..အဲဒီလိုဆိုရင် ရွှေမြိုင်အောင်ရဲ့ အသက်ရာပြည့်
မွေးနေ့ကို မွေးရပ်မြေကဘုန်းတော်ကြီးကျောင်းတခုမှာ အေးချမ်းစွာဖြတ်သန်းသွားဘို့ဆိုတာ တော်တော်ခက်ခဲပါလိမ့်မယ် ..အသက်ကြီးမှ ဒုက္ခ
မရောက်ရအောင် အခုကတည်းက ကြက်ဆူစစ်အာဏာရှင်စံနစ် အရှည်မတည်အောင် ကြိုးစားတိုက်ဖျက်ရမယ်လေ ..ဟုတ်တယ်ဟုတ် .....

ဒီထက်ပိုတာက ..၈၈၈၈ကာလအတွင်း မော်လမြိုင်မှာ စစ်တပ်က ပစ်ခတ် ခံရပြီးသေဆုံးသွားလို့ အနီရောင်အခေါင်းနဲ့ သင်္ဂြိုလ် ခဲ့တဲ့
အပြစ်မဲ့ပြည်သူ ၇ယောက်အပါအ၀င် ဒီမိုကရေစီအရေးတော်ပုံမှာ ကျဆုံး အသက်ပေးသွားကြသူ ရဟန်းရှင်လူ ကျောင်းသား များအတွက်
စစ်အာဏာရှင်စံနစ် ကျဆုံးသည်အထိ .....တိုက်ဘို့တာဝန်တွေရှိနေသေးတယ်ခင်ဗျား .....

(ရွှေမြိုင်အောင်)

ခွေးအဟွာကိုဆင်ကမျှော်ပါလို့

ကြိုတင်မဲတွေ  အဓမ္မမဲတွေနဲ့ ၂၀၁၀ရွေးကောက်ပွဲကြီးမှာ ကြံ့ဖွတ်ပါတီအနိုင်ဆိုတဲ့အဖြေနဲ့ပြီးခဲ့ပါပြီ ..၂၀၁၀ရွေးကောက်ပွဲကြီးပြီးရင်ဘာဖြစ်မလဲဆိုတာတွေး
ကြည့်တော့ ၁၉၉၀ရွေးကောက်ပွဲကြီးနောက်ပိုင်းဖြစ်ပျက်ခဲ့တာတချို့ကိုပြန်ပြီးသတိရမိပါတယ် ...

၉၀ခုနှစ်ရွေးကောက်ပွဲမှာကြက်ဆူအုပ်စုရဲ့မှီတည်ရာ တစည ပါတီရှုံးပြီးတဲ့နောက် ဒို့တာဝန်အရေး ၃ပါးအသစ်တခုကိုဝန်ထမ်းတွေကို အတင်းအကျပ် လိုက်
နာစေတော့တာပါပဲခင်ဗျ ..အဲဒီဒို့တာဝန်အရေးသုံးပါးက
(၁)(ကြက်ဆူအုပ်စုမှဘယ်သူဘုရင်ဖြစ်ဖြစ် )ကြက်ဆူဘုရင်သည် ရွှေနိုင်ငံတော်ကိုအုပ်ချုပ် မင်းပြုရန်အသင့်တော်ဆုံးဖြစ်သည် ။
(၂)ကြက်ဆူဘုရင်သည် ရွှေနိုင်ငံတော်ကိုအုပ်ချုပ်ရန် အရည်အချင်းမရှိသူဟုဆိုလာခဲ့သော် ..။
(၃)ဒို့တာဝန်အမှတ် ၁ကိုပြန်ဖတ်ခိုင်းလိုက်ပါ။   ..အဲဒါပါပဲခင်ဗျာ ....

ရွှေမြိုင်အောင်ပေါက်တတ်ကရတွေရေးနေတယ်လို့ထင်နေတယ်...ဟုတ်ကဲ့ဆက်လက်ရှုစားတော်မူပါခင်ဗျား.....

NLD က၉၀ခုနှစ်ရွေးကောက်ပွဲမှာ တပြည်လုံးအတိုင်းအတာနဲ့အပြတ်အသတ်အနိုင်လဲရရော
 ကြက်ဆူအုပ်စုဟာ အရင်ဆုံးဝန်ထမ်းတွေကို ဒုက္ခပေးပါတော့တယ်
ဘယ်လိုဒုက္ခပေးသလဲသိကြပါသလားခင်ဗျာ ..လျှောက်လွှာစာရွက်တွေမှာ သူတို့ကြိုက်တဲ့ လိုချင်တဲ့ အချက်တွေကို ရေးထားပြီး ၀န်ထမ်းတွေကို အမှန်နဲ့
အမှားရွေးခိုင်းတာပါ.....

ဘယ်လိုအချက်တွေပါသလဲဆိုတော့  တပ်မတော်သည် တိုင်းပြည်ကိုအုပ်ချုပ်သင့်ပါသလားတို့ ..နိုင်ငံခြားသားနှင့်လက်ထပ်ထားသော ဒေါ်အောင်ဆန်းစုကြည်
ကိုနိုင်ငံ့ခေါင်းဆောင် နေရာပေးသင့်ပါသလားတို့လို အဆင့်နိမ့်တဲ့မေးခွန်းတွေပါ ပါတယ် ...

ကြက်ဆူအုပ်စုဖြစ်စေချင်တာက သူတို့ရဲ့လက်အောက်က ဌာနဆိုင်ရာဝန်ထမ်းတွေဆိုတော့ သူတို့အကြိုက်လိုချင်တဲ့အဖြေကိုရမှာပဲ ဖြစ်တဲ့အတွက် ..၀န်ထမ်း
တွေရဲ့အဖြေစာရွက်တွေကိုစုပေါင်းလို့ ..နိုင်ငံ့ဝန်ထမ်းများရဲ့ သဘောထားအမှန်ကဒီမှာပါခင်ဗျာ ဆိုပြီး NLD ရဲ့ရွေးကောက်ပွဲ အနိုင်ရလာဘ်ကို ဖျောက်ဖျက်
ဘို့ ပထမဦးဆုံးစခဲ့တဲ့ ခြေလှမ်းပါခင်ဗျာ.....

ဒါပေမဲ့ဝန်ထမ်းတွေထဲမှာလဲအကြောင်း ကြောင်းကြောင့် အလုပ်ကထွက်ချင်ပေမဲ့ထွက်ခွင့်မရသူ ..အမှန်ကိုတင်ပြရဲသူတွေရှိတယ်ဆိုတာ ကြက်ဆူအုပ်စု
သတိမမူလိုက်တာလဲရှိပါတယ် ..ရွှေမြိုင်အောင်နဲ့ ရင်းနှီးတဲ့ ၀န်ထမ်း ၂ယောက်အကြောင်းပြောပြပါ့မယ် ...

ပထမ ၁ယောက်က စက်မှု ၂ ၀န်ကြီးဌာနက အင်ဂျင်နီယာ ပါ ..နိုင်ငံခြားပညာတော်သင်အဖြစ် ၂နိုင်ငံရောက်ခဲ့ ပြီး အလုပ်မှာမပျော်ပိုက်တော့လို့ ပထမ ဆေး
ပင်စင်တင်ပါတယ် ..မရ ...နောက်တခါထွက်စာတင်ပါတယ် “လူကြီးမင်းကဲ့သို့ အရည်အချင်းရှိသူတစ်ယောက် နေရာမှာ အစားထိုးရန်အတွက် သင့်တော်
သောသူမရှိပါသဖြင့် နှုတ်ထွက်ခွင့်မပြုနီုင်ပါ..”ဆိုပြီး ဌာနမှအကြောင်းပြန်ပါတယ် ...အကြောင်းပြန်စာကိုကြည့်ရင် ငါလိုလူ ဤဇမ္ဗူတခွင်မရှိ ဆိုပြီး ဘ၀င်
လေဟပ်စရာကောင်းသွားပါလိမ့်မယ် ..

ဒီလိုနဲ့အလုပ်ကနေထွက်ခွင့်မရပဲဆက်လုပ်နေလိုက်တာ ၉၀ခုနှစ်ရွေးကောက်ပွဲအပြီး ၀န်ထမ်းတွေကို အစောပိုင်းကပြောခဲ့သလိုမျိုးလက်မှတ်ထိုးခိုင်းတော့
တပ်မတော်သည် တိုင်းပြည်ကိုအုပ်ချုပ်သင့်ပါသလား  ဆိုတာကို “မအုပ်ချုပ်သင့်ပါ ဗိုလ်ချုပ်မှူးကြီးစောမောင်ပြောခဲ့သလို စစ်တန်းလျားပြန်သင့်ပါသည်။”
လို့ဖြည့်ခဲ့သလို ..နိုင်ငံခြားသားနှင့်လက်ထပ်ထားသော ဒေါ်အောင်ဆန်းစုကြည် ကိုနိုင်ငံ့ခေါင်းဆောင် နေရာပေးသင့်ပါသလား ဆိုတာကို “နိုင်ငံ့ခေါင်းဆောင်
အဖြစ်တင်မြှောက်သင့်ပါသည်။” လိုဖြည့်ပေးလိုက်ရော ..မကြာပါဘူး “လူကြီးမင်းကိုဆက်လက်တာဝန် ထမ်းဆောင်စေရန် မလိုအပ်တော့ပါသဖြင့် အလုပ်မှ
နှုတ်ထွက်ခွင့်ပြုလိုက်သည် ” ဆိုတဲ့အလုပ်ထုတ်စာကိုလက်ခံရရှိခဲ့ရတယ်တဲ့ခင်ဗျာ.....

ဒုတိယ ၁ယောက်က ဆောက်လုပ်ရေးစီမံကိန်း ကအင်ဂျင်နီယာပါ ..သူကအမှန်အတိုင်းတင်ပြရဲသူဖြစ်တဲ့အတွက် ကြက်ဆူအုပ်စုအကြိုက်မဟုတ်ပဲ
သူ့ဆန္ဒရှိတဲ့အတိုင်း စာရွက်ထဲမှာဖြည့်စွက်ခဲ့လို့ စီမံကိန်းမန်နေဂျာက နောက်ထပ်လျှောက်လွှာစာရွက်အသစ်တစ်စုံ ထုတ်ပေးပြီး ပြင်ခိုင်းခဲ့ပေမဲ့  သူကငြင်း
ပြီးမပြင်တဲ့အတွက်  နောက်ဆုံးအလုပ်ကထုတ်ခြင်းကို ရဲရဲဝံ့ဝံ့ခံယူသွားခဲ့သူပါ .....

ကြက်ဆူအုပ်စုကအဲဒီလိုမျိုးဝန်ထမ်းတွေကိုအနိုင်ကျင့်သလို ပြည်သူတွေကိုလဲနောက်တမျိုးနဲ့အနိုင်ကျင့်ပြန်ပါတယ် ...
အဲဒီနောက်တမျိုးကတော့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲ ဆန္ဒနယ်မြေတွေမှာ ပြည်သူတွေက သူတို့တင်မြှောက်
ထားတဲ့ကိုယ်စားလှယ်တွေကို  အယုံအကြည်မရှိတော့တဲ့အတွက် မဲဆန္ဒပြန်ရုပ်သိမ်းတဲ့ပွဲတွေ လက်မှတ်ထိုးပွဲတွေကို အတင်းအဓမ္မလုပ်ခိုင်းခဲ့ပြီး
 NLD ရဲ့ရွေးကောက်ပွဲ အနိုင်ရလာဘ်ကို ဖျောက်ဖျက် ဘို့မသမာတဲ့နည်းမျိုးကိုအသုံးပြုခဲ့ပါတယ်ခင်ဗျာ .....

ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီတွေ ..တိုင်းရင်းသားပါတီတွေလဲ ကြံ့ဖွတ် ပါတီနဲ့ပေါင်းရင်ပေါင်း ..မပေါင်းရင်တော့ ...ဒန်တန့်ဒန်..
 ကြက်ဆူအုပ်စုကလုပ်ချင်တာကို လုပ်တဲ့ဒဏ်ကို ခံစေသတည်းပေါ့ ..ကဲ ၀င်ချင်ဦးဟဲ့ရွေးကောက်ပွဲ .....

ရွေးကောက်ပွဲအပြီး တပတ်လောက်အကြာမှာ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ကြက်ဆူုအုပ်စုက နေအိမ်အကျယ်ချုပ်ကနေပြန်လွှတ်ပေးခဲ့
ပါတယ် ..ပြည်သူတွေကလဲ အရင်ကဖြစ်ခဲ့ဘူးတဲ့ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းစည်းရုံးရေးခရီးစဉ် ကအတွေ့အကြုံ ..ဒီပဲယင်းအတွေ့အကြုံနဲ့ ..
အခြားနိုင်ငံတကာမှာဖြစ်ပျက်ခဲ့တဲ့အတွေ့အကြုံတွေအရ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ခဲ့ကြတယ်ခင်ဗျ.....

ကြက်ဆူဘုရင်ကြီးကနေ သူ့ရဲ့ဝန်ကြီးချုပ်တို့ ရဲချုပ်တို့ ဆီပို့တဲ့ လျှို့ဝှက်မေးလ် ဆိုတာတွေလဲပေါ်ထွက်လာခဲ့ပါတယ်...ကောင်မလေးကို အပြတ်ရှင်းလိုက်ပါ
ဘာညာပေါ့ ..အဲဒီတော့ရွှေနိုင်ငံက ပြည်သူတွေ စိတ်တွေပူကြရပြန်ပါတယ် ..ရွှေနိုင်ငံတော်သားတွေအကြား “ရွှေပေလွှာ”ဖြန့်ကြတာကအကျင့်ပါနေကျပါ
ခင်ဗျာ ..၁၉၈၈ အရေးအခင်းကာလတုန်းကလဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားဦးအောင်ဆန်းဦး ရဲ့ပြည်သူများသို့ပန်ကြားလွှာတို့ ..အမေရိကန်မရိမ်းစစ်တပ်ကို
အကူအညီတောင်းပြီး ၀င်တိုက်မှာတို့ စတဲ့ရွှေပေလွှာတွေပျံ့ခဲ့သေးတယ်နော် ..ဒါပေမဲ့သတိဆိုတာပိုသည်မရှိပါခင်ဗျား.....

လောလောဆည်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့အသက်ရှင်မှုက ကြက်ဆူအုပ်စုအတွက်အရမ်းအရေးကြီးနေပါတယ် ..Sanction လို့ခေါ်တဲ့ စီးပွားရေးပိတ်
ဆို့ထားမှုကို ပြန်ဖွင့်ပေးဘို့ကိစ္စပါ ..ရွှေမြိုင်အောင်ကတော့ အင်္ဂလိပ် အသံထွက်ကလဲမပီ  ပြောလေ့ပြောထကလဲမရှိငယ်ငယ်ကလေးဘ၀ကနေ
 မွန်လို“ဟရော့” လို့ခေါ်တဲ့ ငါးပိစါးပြီး ကြီးပြင်းလာတဲ့ပါးစပ်ကနေ ထောပတ်စားပြီး ပြောသလိုမျိုးဘိုသံကိုလျှောလျှောရှူရှူ မထွက်လေတော့ ..ကိုယ့်ရဲ့
အသိဥာဏ်နဲ့ လွယ်လွယ်ကူကူ “ဆန်ဆေးခြင်း ”လို့ပဲမှတ်ထားပါတယ် .....

ကြက်ဆူအုပ်စုဟာ သူတို့ရဲ့ အနောက်နိုင်ငံကဘဏ်တွေမှာအပ်ထားတဲ့ ငွေတွေထုတ်ယူလွှဲပြောင်းဘို့ ..စီးပွားရေးလုပ်ဘို့ အဲဒီ Sanction ပိတ်ဆို့မှု
မရှိဘို့လိုအပ်ပါတယ် ..“Sanction ”လုပ်တာဟာကြက်ဆူအုပ်စုရဲ့မတရားလုပ်ရပ်တွေကြောင့် လုပ်ရတာဆိုတာကို ကြက်ဆူအုပ်စုဝင်တွေကသိနေသည့်တိုင်
ဝန်မခံကြပါဘူး .....

ဒေါ်အောင်ဆန်းစုကြည် က “ကျွန်မကလဲပြည်သူတွေကိုချစ်ပါတယ်” ဆိုင်းဘုတ်ထောင်လိုက်တာ ကြက်ဆူအုပ်စုအကြိုက်ဖြစ်နေပါတယ် ..ပြည်သူကိုချစ်တယ်
ဆိုရင်ပြည်စူတွေစားဝတ်နေရေး ကိုအကျပ်အတည်းဖြစ်စေတဲ့ စီးပွါးရေးပိတ်ဆို့ထားမှုကိုဖွင့်ပေးဘို့  အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေကိုတိုက်တွန်း
ပေးဘို့ပြောပေးဘို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ပါးစပ်ကို ငှားပါတော့မယ် .....


ဒေါ်အောင်ဆန်းစုကြည် က အမျိုးသားပြန်လည်သင့်မြတ်ဘို့ ..လို့ပဲခေါ်ခေါ် ရင်ကြားစေ့ဘို့လို့ပဲပြောပြော တွေ့ဆုံဆွေးနွေးရေးကိုပဲ တောက်လျောက်တောင်းဆိုလာခဲ့
ပါတယ် ..NLD ရဲ့ရွှေဂုံတိုင်ကြေငြာစာတမ်းမှာလဲပါပါတယ်ခင်ဗျ ..ဒါပေမဲ့ကြက်ဆူအုပ်စုကတွေ့ဆုံဆွေးနွေးရေးကိုလုပ်ခဲ့သလား...ဆန္ဒကောရှိရဲ့လားဆိုတာ
ပြန်သုံးသပ်သင့်ပါပြီ....

၁၉၉၆ ရွှေနိုင်ငံရဲ့ခရီးသွားနှစ်မတိုင်မီနဲ့ ၁၉၉၇အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ် ပြုမခံရသေးချိန်တုန်းက လူမြင်ကောင်းအောင် ဒေါ်အောင်ဆန်းစုကြည်
ရယ် ကြက်ဆူဘုရင်ကြီးရယ် ပြုတ်သွားတဲ့ထောက်လှမ်းရေး အကြီးအကဲရယ် စုပေါင်းဓါတ်ပုံ ရိုက်ထားတဲ့ပုံကို မီဒီယာတွေထဲမှာဖေါ်ပြလို့ ..ရွှေနိုင်ငံတော်မှာ
အားလုံးသင့်မြတ်နေပါပြီ ..လုပ်ခဲ့တာကလွဲလို့ ထူးခြားတဲ့ပြောင်းလဲမှုမရှိခဲ့ခင်ဗျာ.....

ရွှေမြိုင်အောင်ရဲ့စကားအသုံးအနှုန်းရိုင်းပြခဲ့မှာကိုတောင်းပန်အပ်ပါတယ် ပရိသတ်ကြီးခင်ဗျာ ..ဆင့်အဟွာကို ခွေးကမျှော်တာက မော့ကြည့်လို့မြင်ရပါသေးတယ်
ကြက်ဆူအုပ်စုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ဘို့ တွေ့ဆုံဆွေးနွေးခွင့်ရဘို့ဆိုတာက ခွေးအဟွာကို ဆင်ကမျှော်နေသလိုမျိုး ..မော့ကြည့်လို့လဲမတွေ့ ..ငုံ့ကြည့်လို့
လဲမမြင် ..၀ပ်ကြည့်လို့လဲမရနဲ့ ..အချိန်တွေသာကုန် ..နှစ်တွေသာကြာသွားခဲ့ပါပြီ .....

NLD ရဲ့ရွေးကောက်ပွဲရလာဘ်ကို ကြက်ဆူအုပ်စုကနည်းမျိုးစုံသုံးပြီး ပျောက်ပျက်အောင် တရားမ၀င်အောင်လုပ်သလိုမျိုး ..တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း
တခုထဲမဟုတ်ပဲ ဒုတိယပင်လုံညီလာခံလိုမျိုး အခြားလမ်းကြောင်းများကိုအသုံးပြု လို့တိုင်းပြည်ကောင်းကျိုးအတွက်ဆောင်ရွက်သင့်ကြောင်းပါ..ဒုတိယပင်လုံညီ
လာခံကိုကြိုဆိုလိုက်ပါတယ်ခင်ဗျား.....

(ရွှေမြိုင်အောင်)

Tuesday, April 12, 2011

လက်နဲ့လှော်သည့်တိုင်..

အချိန်ကာလတွေများတရွေ့ ရွေ့ နဲ့ ပြောင်းလဲနေလိုက်တာအခုဆိုဧပြီလမြန်မာရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ကျတော့မယ်...မနှစ်ကသင်္ကြန်မှာဗုံးကွဲလူသေမှုတွေဖြစ်ခဲ့တော့ဒီနှစ်သင်္ကြန်မှာစိုးရိမ်စိတ်နဲ့ လူတွေအတာသင်္ကြန်ပွဲတော်အချိန်ကိုဖြတ်သန်းရဦးမယ်လို့ ထင်ပါတယ်.....

    နှစ်တနှစ်ကုန်တော့အသက်ကတနှစ်ကြီးလာတာပေါ့ ဗျား..အသက်ကြီးလာတာနဲ့ အမျှနုပျိုလတ်ဆတ်မှုတွေလျှော့ပါးလာသလို''နင်''''ငါ''ပြောလို့ရတဲ့သူငယ်ချင်းတွေနည်းပါးလာခဲ့ ရပါတယ်..ကိုယ့် ထက်အသက်ငယ်သူတွေကို '' နင်'' ''ငါ'' နဲ့ ပြောလို့ ရပေမဲ့ ရွှေမြိုင်အောင်စိတ်ထဲမှာ..
ကိုယ်ကအသာစီးကနေပြောရသလိုဖြစ်နေတောမလွဲမရှောင်သာပြောဆိုသုံးစွဲနေရသည့်တိုင်အောင်သိပ်ခံတွင်းမတွေ့ လှဘူးခင်ဗျ..အဲဒီကိုယ့်ထက်ငယ်သူ
တွေက..ကိုယ့်ကို ''နင်'' ''ငါ'' နဲ့ ပြန်ပြောဘို့ မရှိသလိုပြောပြန်ရင်လဲ..ကြီးတဲ့ သူကိုမှမရိုသေမိုက်ရိုင်းလိုက်တာလို့ သတ်မှတ်ခံရမှာပေါ့ နော် .....

    အော်..လူစိတ်ဆိုတာကလဲအခက်သားပါလား..ရှားပါးမှပိုပြီးတန်ဖိုးထားရသလိုဖြစ်နေရပြီခင်ဗျာ..လက်ရှိနေထိုင်ရတဲ့ နေရာက..ကိုယ့်ဇာတိလည်းမဟုတ်..ကိုယ့်နိုင်ငံလည်းမဟုတ်တော့..ခလေးဘ၀ကတည်းကငယ်သူငယ်ချင်းတွေ..အ.ထ.က ကျောင်းတက်တုန်းကသူငယ်ချင်းတွေ..တက္ကသိုလ်..ကောလိပ်သိပ္ပံမှာတက်ခဲ့တုန်းကသူငယ်ချင်းတွေနဲ့ လူချင်းဆုံဘို့ ဆိုတာတကယ့်မဟာအခွင့်အရေးကြီးပါ..ဆုံတယ်ဆိုသည့်တိုင်အောင်လက်၁၀ချောင်းမ
ပြည့်တတ်ပါဘူးခင်ဗျာ..လူချင်မဆုံရတဲ့သူငယ်ချင်းတွေကိုအများအားဖြင့်တော့..တယ်လီဖုန်းနဲ့ စကားပြောဖြစ်ပါတယ်....

  အခုနောက်ပိုင်းတိုးတက်တဲ့နည်းပညာရဲ့ အကျိုးကျေးဇူးကြောင့် E mail တွေနဲ့စာတွေပို့ ဓါတ်ပုံတွေပို့  ခဲ့ကြာရာကနေ..ဟော..တခါ Google ရဲ့ စေတနာဗလပွနဲ့ အလကား
ဝန်ဆောင်ပေးမှုကြောင့် Gtalk တွေ Vzo တွေကိုအသုံးပြုလို့ ကုန်ကျစရိတ်အနည်းအကျဉ်းနဲ့ (အနည်းအကျဉ်းဆိုတာက..မီတာခလောက်ကိုပြောတာပါ)စကားပြောခွင့်ရသလိုသူငယ်ချင်းတွေနဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲနေမှုကို Vzo တို့ လို Video Chatting ကနေမြင်တွေ့ သိရှိရတဲ့ အတွက်ဖန်တီးတီထွင်သူတွေကိုကျေးဇူးတင်မိပါတယ်ခင်ဗျာ....

    အဲဒီနောက် Face book တို့  Twitter တို့ လိုဝန်ဆောင်မှုတွေထပ်ပေါ်လာပြန်ရော..Face book ကနေ ရွှေမြိုင်အောင်နဲ့ နှစ်ပေါင်းများစွာအဆက်အသွယ်
ပြတ်သွားတဲ့ငယ်သူငယ်ချင်းတွေကိုပြန်လည်ဆုံဆည်းခွင့်ရခဲ့ပါတယ်...
ဒီထက်သေချာအောင်ပြောရရင် ၈၈၈၈ ကာလအပြီးလွတ်မြောက်နယ်မြေအသီးသီးသို့ ရောက်ရှိသွားကြသူ..သူငယ်ချင်းမိတ်ဆွေတွေကို Face book ရဲ့ ကျေးဇူးကြောင့်ပြန်လည်ဆုံဆည်းခွင့်ရခဲ့ပါတယ်ခင်ဗျ..အဲဒါကြောင့်နည်း
ပညာရဲ့ တိုးတက်လာမှုနဲ့ ဖန်တီးတီထွင်ဖြန့် ဝေသူတွေကိုအထူးအထူးကျေးဇူးတင်မိပါတယ်ခင်ဗျာ.....


     ဟုတ်တယ်လေ..သူတို့ ရှာဖွေစမ်းသပ်တီထွင်ပြီးအလကားဖြန့် ဝေသုံးစွဲခွင့်ပြုလို့ အခုလိုသုံးစွဲခွင့်ရတာ..သူတို့ ကိုကျေးဇူးမတင်ရင်ဘယ်သူ့ ကိုကျေးဇူးတင်ရမှာလဲဟုတ်..ဒါပေမဲ့ ရွှေနိုင်ငံတော်ကြီးမှာနေတဲ့ ကြက်ဆူအုပ်စုကဒီလိုမျိုးသာရွှေနိုင်ငံသူရွှေနိုင်ငံသားတွေ Gtalk တွေ Vzo တွေ Internet ဖုန်းတွေဈေးသက်သာစွာနဲ့ပြည်ပကိုခေါ်နေရင်..ရွှေနိုင်ငံတော်ရဲ့ဘဏ္ဍာငွေကိုလျော့ပါးစေတယ်ဆိုတဲ့ စွဲချက်နဲ့ အဲဒီဝန်ဆောင်မှုလုပ်ငန်းတွေလုပ်နေ
တဲ့ ဆိုင်တွေကို ဥပဒေကဲ့ သို့ အာဏာတည်စေသောအမိန့် နဲ့ ဒီလုပ်ငန်းတွေမလုပ်ဘို့ ညွှန်ကြားလွှာတွေပို့ လာပါတော့ တယ်....

     ကျွေးကားကျွေး၏မ၀..ပေးကားပေး၏မရဆိုတဲ့ စကားဟာ ကြက်ဆူဘုရင်ကြီးအုပ်ချုပ်တဲ့ ရွှေနိုင်ငံတော်က..ပြည်သူပြည်သားတွေအတွက်တမင်ရည်ရွယ်ခဲ့လေသလားလို့ ထင်မိပါရဲ့ ဗျာ..လေလှိုင်းထဲကနေအလကားနီးပါး
ရတဲ့ နည်းပညာနဲ့ အသီးအပွင့် တွေကိုဖမ်းယူသုံးစွဲခွင့်မရှိတာဝမ်းနည်းစရာကောင်းလှဘိခြင်း..

     ၈၈ ကာလတုန်းက BBC . VOA အသံလွှင့်ဌာနတွေကိုတနိုင်ငံလုံးအားကိုးခဲ့ ကြရပါတယ်..အဲဒီသတင်းဌာနတွေရဲ့သတင်းထောက်
တွေဖြစ်တဲ့ ..ဘာတေးလစ်တနာနဲ့ ခရစ်စတိုဖါဂါးနက် တို့ ရဲ့နာမည်ကိုတနိုင်ငံလုံးကလူအတော်များများကအခုခေတ်ကမ္ဘာကျော်ဘော်လုံးနည်းပြနာမည်တွေဖြစ်တဲ့  ဆာအဲလက်ဖာဂူဆန်တို့ ဟိုဆေးမော်ရင်ဟိုတို့ နာမည်ကိုသိကြသလိုရင်းနှင်းစွာသိကြတယ်ခင်ဗျ....

     ပြည်ပသတင်းဌာနတွေရဲ့ သတင်းဖြန့် ချိပေးမှုကြောင့် ၈ရက် ၈လ ၈၈ မနက် ၈ နာရီမှာတပြည်လုံးလူထုဆန္ဒပြပွဲတွေလုပ်တော့ မယ်ဆိုတာသိရှိခဲ့ ရပါတယ်.. ၈၈၈၈ ရဲ့အဆုံးသတ်ဟာဘာတွေဖြစ်ခဲ့ ရသလဲအများသိကြပါတယ်..နောက်ဆုံးအလှည့်အပြောင်းကို သေချာစွာလမ်းညွှန်ပေးမဲ့ ခေါင်းဆောင်မရှိခဲ့ ပါဘူး..သူတကူငါတမင်းဖြစ်ခဲ့
ကြတယ် လူငယ်လူလတ်ပိုင်းတွေလွတ်မြောက်ရာဆီထွက်သွားကြတယ်..ထွက်လာသူအားလုံးရဲ့ စိတ်ထဲမှာခဏတာသဘော   ''ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွရဲဘော် ၃ကျိပ် အင်္ဂလိပ်ကိုတိုက်ဘို့ စစ်ပညာသွားသင်တဲ့ သဘော''    အဲဒီလိုထင်မှတ်ခဲ့ ကြတယ်..ပြည်တွင်းမှာကျန်နေတဲ့ ခေါင်းဆောင်တွေရဲ့ ခါတော်ပေးမဲ့အချိန်ကိုနားစွင့်နေကြတယ်..
ကြတယ်..ကြတယ်..ကြတယ်နဲ့နောက်ဆုံးမှာတတိယနိုင်ငံတွေဆီအသီးသီးတကွဲတပြားရောက်ကုန်ကြတယ်ဆိုပါရောခင်ဗျာ......

      အခု အာရပ် နိုင်ငံတွေမှာ အာဏာရှင်ဆန့် ကျင်ရေးလူထုအုံကြွမှုတွေ တနိုင်ငံပြီး တနိုင်ငံဆက်တိုက်ဖြစ်ပေါ်ခဲ့ပါရောလား..အာဏာရှင်တွေကိုကျဆုံးအေင်တိုက်ထုတ်ဘို့အချိန်နဲ့ တပြေးညီ သတင်းအချက်အလက်တွေကိုနည်းပညာအကူအညီနဲ့ ပေးပို့ ခဲ့ရရှိခဲ့ကြတယ်တဲ့ခင်ဗျ..ပြီးခဲ့တဲ့လကသတင်းတပုဒ်မှာ ရွှေနိုင်ငံတော်ထဲလူထုအုံကြွမှုတွေဖြစ်ရင် Google  အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီကဆက်သွယ်ရေးဂြိုလ်တုတစ်လုံးဟာရွှေနိုင်ငံတော်တောင်ဘက်
ကောင်းကင်ယံအထက်သို့ ပြောင်းရွှေ့ ထားပေးတယ်လို့ ဖတ်ရပါတယ်....

ရွှေနိုင်ငံတော်ကြီးမှာအပြောင်းအလဲဖြစ်ဘို့ ကမ္ဘာနိုင်ငံအတော်များများကလိုလားနကြတယ်ဆိုတာယုံမှားစရာမရှိပါခင်ဗျာ..ဒါကိုကြက်ဆူအုပ်စုကလဲ
သိတဲ့အတွက်အခုကတည်းကဆက်သွယ်ရေးလမ်းကြောင်းတွေစတင်ပိတ်ဆို့ ဖြတ်တောက်နေပါပြီ..ဘယ်လိုပဲပိတ်ဆို့ တားစီးမှုတွေရှိပါစေ..ရေဒီယိုနဲ့ ဓါတ်ခဲရှိနေသေးရင် ကမ္ဘာနဲ့ အဆက်အသွယ်မပြတ်သေးပါဘူးခင်ဗျာ....

ရှေးရိုးမပယ်တဲ့ပုံစံနဲ့ ၈၈၈၈ ကာလတုန်းကလူထုဆက်သွယ်ရေးစနစ်အတိုင်းလူထုအုံကြွမှုအတွက်သတင်းတွေကိုရရှိလှုပ်မှားသလိုမျိုး..နောင်ဖြစ်လာမဲ့လူထုအုံကြွမှုမှာ
လုပ်ဆောင်နိုင်မယ်တက်မရှိလက်နဲ့ လှော်မယ်ဆိုပေမဲ့..
၈ လေးလုံးကာလတုန်းကလိုအဆုံးသတ်မျိုးမဖြစ်အောင် လူထုကလေးစားတဲ့ခေါင်းဆောင်တွေကောင်းမွန်စွာလမ်းပြပေးနိုင်တယ်လို့ မျှော်လင့်မိကြောင်းပါခင်ဗျာ.....

(ရွှေမြိုင်အောင်)

Thursday, March 24, 2011

Iodine detected in Tokyo tap water no major cause for concern

The detection of 210 becquerels of radioactive iodine per 1 kilogram of tap water at Kanamachi filtration plant in Katsushika Ward, Tokyo, has caused anxiety to Tokyo residents. The metropolitan government has advised residents of the capital's 23 wards and other areas who use water from the plant not to allow babies aged below the age of 1 to drink the tap water. However, questions remain as to whether the water is safe for bathing or whether infants older than 1 year of age can drink it. Compiled below are common questions and responses based on advice from experts.

Question: Why are only babies below the age of 1 subject to the ban?
Answer: Radioactive iodine has a tendency to collect in the thyroid. If children whose thyroids are developing rapidly ingest a massive amount of radioactive iodine, it is thought that it will increase the risk of cancer. The Nuclear Safety Commission of Japan (NSC) advises people including adults not to drink any water that contains more than 300 becquerels of radioactive iodine. Provisional regulations that the government has set under the Food Sanitation Law stipulate that infants below the age of 1 should not drink milk or water containing more than 100 becquerels of radioactive iodine or use such milk or water to dissolve milk powder. Based on the regulations, the government has urged the public not to allow babies to drink tap water containing more than 100 becquerels of radioactive iodine following radiation leaks at the Fukushima No. 1 Nuclear Power Plant that was heavily hit by the March 11 earthquake and tsunami.

Q: How about expecting mothers?
A: There is no upper limit on the amount of radioactive substances that babies in their mothers' wombs can absorb, and the metropolitan government has not urged pregnant women living in areas subject to the advisory not to drink tap water. An obstetrician says, "Under the current circumstances, it is desirable for expecting mothers to avoid drinking tap water in the affected areas. However, any stress mothers feel from struggling to obtain mineral water in short supply, will be more harmful to their health."

Q: Should we also avoid using tap water in these areas for bathing babies and brushing their teeth?
A: The Health, Labor and Welfare Ministry says this is not a problem. It is also fine to wash baby bottles and fruit for babies with tap water. Otsura Niwa, a Kyoto University professor emeritus of radiation biology, says, "Japan's standards are too strict in the first place. Even if babies are given tap water, their parents don't have to worry too much about it."

Q: Should mineral water be used to dissolve milk powder for babies?
A: Since milk powder contains minerals, babies could suffer from diarrhea if so-called "hard water" containing a massive amount of minerals was used to dissolve milk powder. If you want to use mineral water to dissolve milk powder, you should use "soft water."

Q: Can't radioactive substances be removed at tap water filtration plants?
A: Tap water filtration plants are designed to remove impurities and odor, but not radioactive substances. Takeo Samaki, Hosei University professor of science literacy, says that an advanced water treatment technology -- in which ozone gas is used to decompose impurities and activated charcoal is used to absorb organic matters in water -- is employed at the Kanamachi filtration plant. However, it is believed to be able to remove only a small portion of radioactive substances.

Q: Can radioactive substances be removed with water purifiers for household use or by boiling the water?
A: The structure of ordinary water purifiers for household use is similar to that of water filtration plants, so you shouldn't expect such devices to remove radioactive substances from tap water. It is also believed difficult to remove radioactive substances from water by boiling it.

Q: Will a similar advisory be issued for wider areas?
A: The Health, Labor and Welfare Ministry has instructed waterworks departments at local governments across the country to make announcements if more than 100 becquerels of radioactive iodine are detected in their tap water. Close attention should be paid to figures announced by local governments.

(Mainichi Japan) March 24, 2011

Sunday, March 13, 2011

အစ်ကိုကြီးလို့ပဲဆက်၍ခေါ်စေဗျား

ဂျပန်နိုင်ငံရဲ့ လက်ရှိအာဏာရ ဂျပန်ဒီမိုကရက်တစ်ပါတီ အစိုးရသစ်ဖွဲ့ခဲ့တာ ၁၈လ မရှိသေးပေမဲ့ အပြောင်းအလဲ
တွေကတော်တော်များပါတယ် ..ပါတီအတွင်းမှာရော အစိုးရအဖွဲ့ ၀န်ကြီးချုပ်ရာထူးအပါအ၀င် ရာထူးတွေ ထုတ်..
ရွှေ့..ထွက်..တွေကြားရတယ်ခင်ဗျ .....

အဲဒီထဲမှာမှ ဂျပန်မှာဒုက္ခသည်တွေ နိုင်ငံခြားသားတွေအနေနဲ့ ကင်းဝေးလို့မရတဲ့ လ၀က ရဲ့တရားရေးဝန်ကြီး
ဌာန က ၀န်ကြီးအပြောင်းအလဲ အများဆုံးလို့ဆိုရမှာပါ ..လက်ရှိအစိုးရလက်ထက်မှာပထမဦးဆုံးတရားရေးဝန်ကြီးက
Chiba Eiko ဆိုတဲ့အန်တီကြီးပါ ..အန်တီကြီးကအထက်လွှတ်တော်ရွေးကောက်ပွဲမှာရှုံးနိမ့်ခဲ့လို့ ရာထူးကနေ
ဖယ်ရှားခံခဲ့ရပါတယ် .....

အန်တီကြီးရဲ့နောက်မှာတော့ Yanagida ဆိုတဲ့ အန်ကယ်တယောက် ကတရားရေးဝန်ကြီးလုပ်ပါတယ် ..အဲဒီ
အန်ကယ်ကြီးကလဲ ပါးစပ်က မဆိုင်တာတွေကို ပေါက်ပေါက် ဖေါက်လို့ ၂၀၁၀ နိုဝင်ဘာလကထွက်စာတင်
ခိုင်းတာကိုခံရပြီး ၀န်ကြီးရာထူးကနေ “ဆာယိုးနာရ ”ဖြစ်သွားခဲ့ပြန်ပါရော .....

အဲဒီအန်ကယ်ကြီးရဲ့ တရားရေးဝန်ကြီးတာဝန်ကို အစိုးရအဖွဲ့အတွင်းဝန်  Sengoku က တာဝန်ယူခဲ့ပြန်ပါတယ်..
အတိုက်အခံပါတီတွေဘက်က  ဖိအားပေးတဲ့အတွက်ကြောင့် ရာထူးကနေဆင်းပေးခဲ့ရပြီး ..လက်ရှိတာဝန်ထမ်း
ဆောင်နေတဲ့တရားရေးဝန်ကြီးကတော့ Satsuki Eda ဆိုသူဖြစ်ပါတယ်ခင်ဗျာ .....

လက်ရှိအာဏာရပါတီရဲ့အစိုးရအဖွဲ့ဟာ  ရွေးကောက်ပွဲအကြိုကာလ စည်းရုံးရေးဆင်းစဉ်က ပေးထားတဲ့ကတိ
တွေအတိုင်းမလုပ်လို့ကြိုက်နှစ်သက်သူနဲနေချိန်မှာ တရားရေးဝန်ကြီးဌာနကတော့ လက်ရှိဗီဇာသက်တမ်းမကုန်မီ
ဒုက္ခသည်အဖြစ်အသိအမှတ်ပြုဘို့ လျှောက်ထားသူတွေကို  လျှောက်ထားဆဲကာလမှာ အရင်ကလို သုံးလလျှင်တစ်
ကြိမ် တို့ တစ်လလျှင်တစ်ကြိမ်တို့ ဗီဇာသက်တမ်းတိုးစရာမလိုတော့ပဲ ၆လသက်တမ်းရှိဗီဇာတွေထုတ်ပေးလိုက်
တာကို ကောင်းသောအချက်တခုအနေနဲ့တွေ့ရပါတယ် ...လက်ခုပ်တီးပြီးအားပေးပါတယ်ခင်ဗျား.....

ဂျပန်တိုင်းပြည်မှာမှီခိုနေထိုင်နေတော့လဲ ဂျပန်နိုင်ငံရဲ့အခြေအနေတွေကို နဲနဲပါးပါးလောက်တော့ မျက်စိဖွင့် နားစွင့်
ဖတ်ရှုလေ့လာထားရတာပေါ့ခင်ဗျာ ...တိုင်းပြည်တပြည်ရဲ့သဘောထားဆိုတာ သူ့လူမျိုးကိုထိလာတဲ့အချိန်မှာ
သရုပ်မှန်ပေါ်တတ်ပါတယ် ..ပြည်သူ့သဘောထားဆိုပြီး ၀ါဒဖြန့်စာတွေ ရေးနေ အော်နေ ဆိုင်းဘုတ်ထောင်နေစရာ
မလိုပါခင်ဗျား .....

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကအဖြစ်အပျက် ၂ခုကိုမှတ်မိတဲ့လူတွေလဲရှိနိုင်မှာပါ ....၁၉၉၉ အောက်တိုဘာလက
ဘန်ကောက်မှာရှိတဲ့မြန်မာသံရုံးကို  AK 47 ကိုင်ဆောင်ထားတဲ့ မြန်မာလူမျိုး ၅ဦးက ၀င်စီးပြီး သံရုံးဝန်ထမ်း ၁၈
ယောက်ရယ် သံရုံးကိုလာတဲ့နိုင်ငံခြားသား အချို့ကိုပြန်ပေးဆွဲခဲ့ပါတယ် .....

ထိုင်းအာဏာပိုင်တွေရဲ့ ညှိနှိုင်းပေးမှုကြောင့် ဓါးစာခံတွေကိုပြန်လွှတ်ပေးခဲ့ပြီး ၀င်စီးခဲ့သူတွေကို ထိုင်းမြန်မာနယ်စပ်က
သူတို့ရဲ့တပ်စခန်းနားအထိ ရဟတ်ယာဉ်နဲ့ပြန်ပို့ပေးခဲ့ပါတယ် ..အဲဒီတုန်းက သံရုံးကပြန်လွတ်လာသူ ဓါးစာခံ
နိုင်ငံခြားသားတွေရဲံ့နဖူးမှာ ကျောင်းသားတပ်မတော်ရဲ့အထိမ်းအမှတ် ပုဝါနီတွေဝတ်ဆင်ပြီးထွက်လာခဲ့ကြပါတယ် .....အဲဒီလို ထိုင်းအာဏာပိုင်တွေရဲ့ညင်သာပျော့ပြောင်းစွာ ကိုင်တွယ်ခဲ့တာကို အခွင့်ကောင်းယုပြီး သက္ကရာဇ်
၂၀၀၀ ပြည့်နှစ် ဇန္န၀ါရီလထဲမှာ ထိုင်းနိုင်ငံထဲမှာပဲ Ratcha buri ဆေးရုံကို  တိုင်းရင်းသားလူမျိုးစုတွေရဲ့
God's Army အဖွဲ့ လက်နက်ကိုင်လူ ၁၀ဦးက  ဆေးရုံထဲမှာရှိတဲ့ လူနာတွေ.. ၀န်ထမ်းတွေ  စုစုပေါင်း
အယောက် ၁၀၀ကျော် ၂၀၀လောက်ကို ပြန်ပေးဆွဲခဲ့ကြပြန်ပါတယ် .....

ဒီတခါတော့သူ့လူမျိုးကိုထိပါးလာပြီဖြစ်တဲ့အထွက် ထိုင်းအာဏာပိုင်တွေက ညင်ညင် သာသာ ပျော့ပျော့
ပြောင်းပြောင်း မကိုင်တွယ်တော့ပါဘူး အကြမ်းဖက်နှိမ်နင်းရေး အထူးကွန်မန်ဒိုတွေနဲ့  အင်အားသုံးပြီး
၁၀ယောက်စလုံးကိုပစ်သတ်လိုက်ပါတယ် ..လက်နက်ချ အညံ့ခံပါတယ်ဆိုတဲ့ သူတွေကိုပါ ပစ်သတ် တာနော်
 ဇယားအရှုပ်မခံဘူး ..သွားထားဂုံနီအိတ်ထဲကို .. စာရင်းပိတ် ..မှတ်ကရောပဲ .....

ပစ်သတ်ခံရတဲ့အထဲက တယောက်ရဲ့နာမည်က ပီတာလို့ခေါ် သတဲ့ ..၁၉၉၉ အောက်တိုဘာလ ထဲ ဘန်ကောက်
က မြန်မာသံရုံးကို ၀င်စီးတုန်းက ပါခဲ့တဲ့သူဖြစ်ပါတယ်လို့  ထိုင်းက သတင်းထုတ်ပြန်ပါတယ် ...ဒီလောက်ဆို
သဘောထားကိုသိလောက် ရောပေါ့နော် .....

တလောကလဲ မဲဆောက်က UNHCR ရုံးရှေ့မှာ မြန်မာနိုင်ငံသား တဦးလက်ပစ်ဗုံးနဲ့ ဆန္ဒပြခဲ့တာကို ..
သတင်းတွေထဲမှာ တွေ့ရပါတယ် ..ဟိုလိုလုပ်ပါ ..ဒီလိုမလုပ်ပါနဲ့လို့တော့ မပြောလိုပေမဲ့ ..သူတပါးရဲ့ တိုင်း
ပြည်ထဲ သွားပြီး လက်နက်နဲ့ လှုပ်ရှားတာကတော့  ရရှိမဲ့အကျိုးအမြတ်ထက် ပေးရမဲ့ အရင်းအနှီးကပိုများ
တယ်လို့ပဲ ရွှေမြိုင်အောင်ပြောပါရစေခင်ဗျာ .....

ဂျပန်အစိုးရဟာ ၂၀၁၁ ငွေကြေးဘတ်ဂျက်အတွက်ရယ် ..အခွန်တိုးကောက်ဘို့ကိစ္စ ..ဆိုရှယ်ဝဲဖဲလ် ပုံစံပြောင်း
ဘို့ အပါအ၀င် အခြားသောကိစ္စတွေအတွက်  အထက်လွှတ်တော်မှာ ဥပဒေအတည်ပြုပေးရအောင် ..အတိုက်အခံ
ပါတီတွေကို မျက်နှာချိုသွေးနေရလေတော့ ..ဟိုဝန်ကြီးကိုထုတ် ..ဒီခေါင်းဆောင်ကိုဖြုတ် ..ဟောဟိုက၀န်ကြီးကို
နေရာရွှေ့နဲ့ ..ပါတီတွင်းမှာရော အစိုးရအဖွဲ့ထဲမှာပါ “ဖြုတ် ထုတ် ရွှေ့”တွေလုပ်နေပေမဲ့ “ငုတ် တုတ် မမေ့” ပဲ
ကျန်နေတာက ဇာတ်လိုက်ကျော် Ichiro Ozawa ပါပဲခင်ဗျား .....

ပါတီကိုလူထုထောက်ခံမှုတွေပြန်ရလာအောင် ..၂၀၁၁ ဘတ်ဂျက် ကိစ္စ အထက်လွှတ်တော်ရဲ့ ခွင်ပြုချက်ရလာအောင်
ယာလဲညက်စေ ကြက်လဲမောစေ သဘောမျိုးနဲ့ Ozawa ရဲ့ ပါတီရံပုံငွေ လာဘ်စားတဲ့ အမှုတွဲဟောင်း ပေါင်းချုပ်
ကြီးကို သတင်းစားပွဲအရှေ့ကို ပြန်သယ်လာကြ လေတယ်ခင်ဗျ .....

အရင်တုန်ကတော့ ၀န်ကြီးချုပ်ဟောင်း ဟာတိုးယာမရဲ့မျက်နှာ ရယ် ..၂၀၀၉ ရွေးကောက်ပွဲမှာ ပါတီအနိုင်ရအောင်
ကူညီ လုပ်ကိုင်ပေးတဲ့မျက်နှာတွေကို ထောက်ထားအားနာလို့ Ozawa  အပေါ် အစ်ကိုကြီးအရာ နဲ့ ထောက်ထားညှာ
တာမှုတွေရှိခဲ့ပေမဲ့ ..အခုလို ပါတီအကြပ်အတည်းကြုံတွေ့လာရချိန်မှာတော့  အစ်ကိုကြီး မခေါ်နိုင်တော့ပဲ.. ဟေ့
Ozawa အရပ်ဖက်တရားရုံးမှာသွားဝန်ခံမှာလား ..လွှတ်တော်မှာမေးမြန်း စီရင်တာကိုခံမှာလား..လို့ ရာဇာသံပေးလာ
ကြပါတော့တယ် ..ဒါ့အပြင် အတိုက်အခံ ပါတီတွေကိုလဲ Ozawa ကိုဝိုင်းဆုံးမဘို့တိုက်တွန်းမှုတွေလုပ်လာကြရောခင်ဗျား.....

လွှတ်တော်ထဲကိုလာရင် ၀ိုင်းဆုံးမမယ်ဆိုတာကိုသိလို့ Ozawa လွှတ်တော်အစည်းအဝေးမတက်ဘူးခင်ဗျ ..လုပ်ချင်သလို
လုပ် ငါကတော့ အေးဆေးပဲ ဆိုတဲ့ပုံစံမျိုးနဲ့ပါ ..မျက်နှာပြောင်လဲတိုက်ပါ့ .ရွှေနိုင်ငံတော်ကြီးထဲက ကြက်ဆူဘုရင်ကြီး
နဲ့အရမ်းတူတယ်နော် ..မျက်နှာပြောင်တိုက်တာကိုပြောတာလေ ..ဟုတ်တယ်ဟုတ် .....

အခုတော့ အာဏာရအစိုးရခင်မျာ ယာလဲမညက် ကြက်လဲမမောပဲ ..အတိုက်အခံပါတီတွေဖြစ်တဲ့ လစ်ဘရယ်ဒီမို
ကရက်တစ်ပါတီရယ်.. (Sunrise  Party)ဆန်းရေ့ ပါတီရယ်ပူးပေါင်းပြီး အထက်လွှတ်တော်အစည်းအဝေးမှာ
လက်ရှိအစိုးရကိုဖြုတ်ချဘို့ သဘောတူထားကြတယ်ဆိုလို့ ပိုပြီးအကြပ်အတည်းနဲ့ကြုံနေရ တယ်တဲ့ခင်ဗျား.....

မျက်နှာနာစရာလူတွေ ကိုယ့်ရဲ့ အထက်က.. အရှေ့က..ဆရာတွေကိုရှင်းပစ်တဲ့နေရာမှာ ကြက်ဆူဘုရင်ကြီးက
အရမ်းကို ကျွမ်းကျင်တယ်ခင်ဗျ ..ရှင်းပုံရှင်းနည်းက လာဘ်စားတယ် ..အာဏာဖီဆန်တယ် ဆိုပြီးစွဲချက်တင်မယ် ..
ပြီးရင်အမိန့်ထုတ်ပေးလိုက်မယ် ..ဥပဒေကဲ့သို့အာဏာတည်စေသောအမိန့် ..ဒါပဲ ...ဒီအမိန့်နဲ့ပဲ သူ့ရဲ့ရှေ့ကလူ
တွေကိုဖြုတ် ..အတန်းတူတွေကိုဖြုတ်..နောက်တက်လာမဲ့အထဲက သူ့ကိုအာခံနိုင်တယ်လို့ထင်ရသူတွေကိုဖြုတ်..
နဲ့ တဖြုတ်ဖြုတ်လုပ်လာနေဆဲပဲခင်ဗျ .....

၁၉၈၈ အရေးအခင်းနောက်ပိုင်း ..အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ထံ အလည်လာတဲ့ ထိုင်းဝန်ကြီးချုပ်က “၀န်ကြီးချုပ်
လို့ခေါ်ရမှာလား ..သမတ ကြီးလို့ခေါ်ရမှာလား ..ဘယ်လိုခေါ်ရမလဲဆိုတာမသိလို့ ..အစ်ကိုကြီးလို့ပဲခေါ်ပါရစေလို့ ”
ခွင့်တောင်းခဲ့ဘူးပါတယ် .....

ကြက်ဆူဘုရင်ကြီးလဲ ၂၀၁၁လွှတ်တော်မှာ ၀န်ကြီးချုပ်လဲမလုပ်..သမတလဲမလုပ် ပဲ အချိန်မရွေးအာဏာသိမ်းလို့ရမဲ့
ရာထုးကိုပဲဆက်ယူထားမှာဖြစ်တဲ့အတွက်..နောက်ထပ် နိုင်ငံခြားတိုင်းပြည်က ၀န်ကြီးချုပ်တွေ သမတတွေများ
အလည်လာပြီး ဘယ်လိုခေါ်ရမှာလဲလို့မေးလာရင် ..ကြက်ဆူဘုရင်ကြီးက ဇာတ်ပွဲထဲဘုရင်လေသံနဲ့ “အစ်ကိုကြီး
လို့ပဲဆက်၍ခေါ်စေဗျား...”လို့ဖြေလိမ့်မယ်လို့ ရွှေမြိုင်အောင် ထင်မိကြောင်းပါခင်ဗျား.....

(စာကြွင်း.....
၁၉၈၈အဲဒီအချိန်ကစလို့ ရွှေမြိုင်အောင်တို့ ရောင်းရင်းတတွေ အကြား ..ဖြစ်မြောက်အောင်ဘာမှမလုပ်ပဲ ဆရာကြီးအထာနဲ့
ဟောက်စားလုပ်တတ်တဲ့သူငယ်ချင်းတွေကို အစ်ကိုကြီးလို့ နောက်ပြီးခေါ်တတ်ကြပါတယ် .....နှစ်တွေကြာသည့်တိုင်..
အခုအချိန်မှာလဲ တစ်ယောက် ယောက်က အစ်ကိုကြီးလို့လှမ်းခေါ်ရင် ရွှေမြိုင်အောင် ဆံပင်မွှေးတွေထောင်သွားတတ်
ပါတယ်ခင်ဗျား...)

ပြီးပါပြီ
ရွှေမြိုင်အောင်

Sunday, March 6, 2011

ကြက်ဆူတောမှေ​တာက်တဲ့ဟော​စာတမ်း

ဒီနှစ်ထဲမှာ ရာသီဥတုနဲ့ပတ်သက်ပြီးထူးခြားတဲ့အခြေအနေတွေကိုကြားမြင်တွေ့သိ ထိမိလို့နေရပါတယ်ခင်ဗျ ..
ဂျပန်မှာဆိုရင်နှစ်ပေါင်း ၅၀အတွင်းမှာ ဒီနှစ်ဟာရာသီဥတုပြောင်းလဲမှုအဆိုးဆုံးလို့ဆိုပါတယ် ...
နှစ်စဉ်ပွင့်နေကျ ဆာကူရာပန်းတွေလဲ ဒီနှစ်မှာ သက်တော်ရှည်လို့ တော်တော်နဲ့မကြွေတာ သတင်းတွေကို
ဖြစ် ..လို့.....

နွေဦးရောက်ပြီဟေ့ ဆောင်းတွင်းကအနွေးထည်တွေ သိမ်းလို့ရလောက်ပြီကွလို့ ထင်လိုက်တဲ့အတွက် သိမ်းပြီးလို့မှ
 နှစ်ရက်မကြာပါဘူး  နှင်းတွေကကျ မိုးတွေကရွာ ရာသီဥတုတွေဖေါက်ပြန်လာတာမို့  သိမ်းပြီးသွားတဲ့အနွေးထည်အချို့
ပြန်ထုတ်ခဲ့ရပါတယ် ...

မိုးလေ၀သဌာနရဲ့ တပတ်စာ မိုးလေ၀သခန့်မှန်းချက်တွေလဲ တပတ်စာအလွဲတွေဖြစ်ခဲ့ရပြန်ရောပေါ့ခင်ဗျာ...
တပတ်စာမိုးလေ၀သခန့်မှန်းချက်တွေကိုအားကိုးမိလို့ ရွှေမြိုင်အောင် မိုးမိခဲ့ရတာလဲအကြိမ်ကြိမ်ပါ...တီရှပ်ကလေး
တစ်ထည်နဲ့ရွက်လွှင့်မိလိုက်တဲ့နေ့တွေမှာ မိုးနဲ့လေကြားမျောသွားခဲ့ရလို့ ဟပ်ချိုး အဟွတ် အဟွတ် သက်တမ်းကလဲ
အတော့်ကိုရှည်ခဲ့ပါတယ် ...

ချောင်းတွေဆိုး လည်ချောင်းတွေနာပြီး စကားပြောရင် အသံလုံးမကွဲပဲ မန်ဒါလီဘဲလို အဂါး အဂါး ဖြစ်ခဲ့ရတယ်ဗျာ...

နေ့အပူချိန်အတက်အကျကလဲ တနေ့နဲ့တနေ့မတူ အတော်ကြီးကိုကြမ်းခဲ့ပြန်ပါတယ် ဂျပန်မှာ နေ့အပူချိန် အတက်
အကျကြမ်းနေပေမဲ့ ရွှေမြိုင်အောင်တို့ရဲ့ ရွှေနိုင်ငံတော်ကြီးမှာနေ့အပူချိန်အတက်က ကြမ်းနေလေရောလို့ဆိုပါတယ် ..
ကြမ်းတာကမှ ရေတွင်းကရေတွေခန်း..ရေကန်ကရေတွေခန်း..အင်းလေးကန်ကြီးရေတွေခန်းရတဲ့အထိ ခန်းခန်းတွေ
လှိုင်ခဲ့ရလေသတဲ့ခင်ဗျာ..

ခန်းခန်းတွေလှိုင်ခဲ့ရတာကြောင့် ရွှေနိုင်ငံသားတွေလဲ သောက်ရေ သုံးရေပြဿနာ ဖြစ်ကြရရှာပါတယ် ..အပူချိန်လွန်
ကဲတဲ့ဒဏ်ကြောင့် လူအသေအပျောက်တွေလဲတော်တော်များခဲ့တယ်လို့ စိတ်မကောင်းစွာကြားရပါတယ် ...

အခုလဲရေရှားတဲ့ပြဿနာကိုအတတ်နိုင်ဆုံးကူညီပြီး ကုသိုလ်ယု ရေလှူတဲ့သူတွေကိုတော့ သူတို့ရဲ့စေတနာနဲ့ အလှူ
အတွက်ရွှေမြိုင်အောင်သာဓု ခေါ်ပါတယ် ...
ဒါပေမဲ့ဗျာ ..ကျေးရွာအဆုံးတပြည်လုံး ရေမီးရအောင်လုပ်ပေးရမဲ့တာဝန်က ပြည်သူ့ဘဏ္ဍာတွေကို ယူငင်စားသုံးနေတဲ့
အစိုးရရဲ့တာဝန်မဟုတ်ပေဘူုးလားဗျာ ..နော်....

ဒီနှစ်မှာ ရေရှားတယ်ပြောလို့ ရေသွားလှူကြတယ် နောက်နှစ်နွေအတွက်ကြိုတင်ပြင်ဆင်မှုကရော ...ဟုတ်ကဲ့ ဒီနှစ်လိုပဲ
ရေရှားတယ် အော်ကြရင် နောက်နှစ်မှာလဲ သွားလှူကြမယ်ဆိုတာမျိုးထက် ပိုပြီး အခြားဘာမှထူးခြားမှုရှိမယ်လို့တော့
ရွှေမြိုင်အောင် မထင်ရေးချမထင်ပါခင်ဗျား ...

ကမ္ဘာပေါ်မှာရှိတဲ့ သဘာဝဘေးအန္တရာယ် အခံစားရဆုံးတိုင်းပြည်တွေစာရင်းထဲမှာ မြန်မာနိုင်ငံလဲပါတယ်ခင်ဗျ ..
ရာသီဥတုဆိုးရွားရတာက သစ်တောတွေပြုန်းတီးလို့ မြစ်ချောင်းရေဝေရေလဲတွေ ပြောင်းလဲလို့ တိမ်ကောကုန်လို့
အစရှိသဖြင့် အမျိုးမျိုးသောအကြောင်းအရာတွေရှိပေမဲ့ .......အဲဒီလိုဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ရွှေမြိုင်အောင်
ရေးမနေတော့ပါဘူး ...

ရွှေမြိုင်အောင် တို့ငယ်စဉ်က သစ်တောဦးစီးဌာနရဲ့ဆောင်ပုဒ်ဖြစ်တဲ့ ဥတုရာသီ တောကိုမှီဆိုတဲ့ ဘုတ်ပြားတွေကို
မော်လမြိုင် တောင်ရိုးတန်းတွေမှာ အတော်များများ တွေ့ရပါတယ် ..အဲဒီနောက် ဘုတ်ပြားကလေးတွေဟာ ရာဘာ
ခြံတွေရှိရာကို နေရာရွှေ့သွားပါတယ် ..အခုတော့ဘုတ်ပြားလေးတွေလဲ ထင်းရှာတွေရဲ့လက်ကြောင့် တောကိုမမှီ
နိုင်တော့ဘူးဖြစ်သွားရရှာလေသတဲ့ ...

မြန်မာပြည်မှာ သစ်ဝါးတွေရှားပါးလာပြီး ယတြာချေ စိုက်ခဲ့တဲ့ခြံစည်းရိုးကြက်ဆူပင်တေါသာ မလိုချင်ပဲပွားနေရော ..
ခင်ဗျ ..အနှစ်မရှိတဲ့ ကြက်ဆူတောက ကြက်ဆူဘုရင်ကြီးအုပ်ချုပ်တဲ့တိုင်းပြည်မှာ ကြက်ဆူဗိုလ်တွေကိုကြောက်ရလို့
မိုးလေ၀သကိုမှန်ကန်အောင်ဟောကိန်းမထုတ်နိုင်ပဲ ကြက်ဆူပင်မှာ တွယ်ကပ် တက်ထိုင်နေတဲ့ တောက်တဲ့ကြီး
ရှိပါတယ် ...

အဲဒီတောက်တဲ့ကြီးက အပူချိန်မြင့်တက်ရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ပြောပြခဲ့တာကို ရွှေမြိုင်အောင် ပြန်ပြောပြမယ်
အပူချိန်ကပထမတက်တယ်တဲ့ တက်ပြီးတော့ပြန်မကျဘုးတဲ့ ပြန်မကျရတာကမိုးမရွာလို့တဲ့ မိုးမရွာလို့ တိမ်မရှိလို့
အေးအောင်လုပ်တဲ့ မဂက်နက်ဇင် ဘာမှမရှိတော့အပုချိန်ကတန်းနေရောတဲ့  ..အပူုချိန်တန်းနေလို့ အပူရှိန်ဖြစ်လာတာတဲ့
ဒီတော့အပူရှိန်တွေမြင့်ပြီး အပူရှိန်တွေတက်လာတာတဲ့ ...အပူရှိန်တွေက လေးငါးရက်လောက်တက်နေတော့
အဲဒီအပူရှိန်တွေက အပုချိန်ကိုတန်းစေပြန် ...စကားလေး ၂လုံးဖြစ်တဲ့အပူရှိန်နဲ့အပူချိန်ကြားမှာ ရှုပ်ရှုပ်ကလေးနဲ့ရှင်း
သွားတာကိုရွှေမြိုင်အောင်နားလည် လိုက်တာက မိုးမရွာလို့ပူတယ်ဆိုတာပါပဲ ခင်ဗျာ ..မှတ်ကရော...
လူပြိန်းနားလည်အောင်ရှင်းပြတတ်တဲ့ တောက်တဲ့ကြီးရေ ..တော်လိုက်တဲ့ဥာဏ်နဲ့ ကွက်တိမှန်မဲ့ဟောချက်ပါလားဗျာ...

သို့သော် ယခုလို ပူပြင်းခြောက်သွေ့ပြီး မိုးခေါင်ရေရှား ဖြစ်နေသည်မှာ ၁၉၉၈ ခုနှစ်က စံချိန်ကို မမီသေးကြောင်း တောက်
တဲ့ကြီးကပြောပါတယ်  “အဲဒီတုန်းကဆိုရင် မြန်မာပြည်အနှံ့အပြားက မိုးလေဝသစခန်း ၃ဝ လောက်မှာ
စံချိန်တင် မြင့်တက်ခဲ့တယ်။ ဒီနှစ်တော့ စခန်း ၁ဝ ခုမှာပဲ စံချိန်ကျိုးသေးတယ်။ ဒီထက် ပိုကျိုးမလားဆိုပြီး
စောင့်ကြည့်ရတဲ့ အနေအထားပါ” တဲ့ခင်ဗျာ ...

အပူချိန် ၄၅ဒီဂရီ ၄၇ဒီဂရီအထိ အမြင့်ဆုံးဖြစ်ခဲ့တာတွေ တနိုင်ငံလုံးမှာ အပုချိန် ၄၀ နဲ့အထက်ရှိခဲ့တာနဲ့ပတ်သက်ပြီး
ဘယ်လိုစံချိန်ကျိုးတယ်ဆိုတာကို တောက်တဲ့ကြီးရဲ့ဟောစာတမ်းထဲမှာမပါပါဘူး ...

အခုမိုးရာသီထဲရောက်တော့မိုးရွာမဲ့အကြောင်း တောက်တဲ့ကြီးနဲ့တကွ တောက်တဲ့အပေါင်းကဟောကြပါပြီ ...

 ပြီးခဲ့သည့် ရက်ပိုင်းများကပင် အယ်လ်နီညိုရာသီဥတုဒဏ် ခံစားနေရရာမှ ယခုအခါ လာနီညာဖြစ်နိုင်ခြေ မြင့်တက်လာပြန်၍
ရာသီဥတုပြောင်းလဲမှုမှာ လျင်မြန်စွာဖြစ်ထွန်းနေပြီး ကြိုတင်ခန့်မှန်းရန် ပိုမိုခက်ခဲလာကြောင်း တောက်တဲ့ကြီးက ပြောတာကို
ကြည့်ခြင်းအားဖြင့် သူ့ရဲ့ဟောစာတမ်းမမှန် ရင်သူ့မှာအပြစ်မရှိပဲ  လာနီညာ တို့ အယ်လ်နီညို တို့ကြောင့်ဖြစ်တာပါလို့
ဆင်ခြေတွေအရင်ပေးနေပါပြီခင်ဗျာ ....

(ရွှေမြိုင်အောင်)

Myanmar refugees under resettlement program to work as farmers

Sunday 27th February, 07:02 AM JST
TOKYO —
Twenty-seven Myanmar refugees in Japan, who came from Thailand last year under a U.N.-promoted third country resettlement program, will work as farmers after the government-sponsored orientation and language training sessions end on March 9, Foreign Minister Seiji Maehara said.
Two ethnic Karen families comprising 12 refugees will engage in the growing of leaf vegetables and peanuts in Yachimata, Chiba Prefecture, while the remaining three families comprising 15 refugees will produce mushrooms in Suzuka, Mie Prefecture, according to the Foreign Ministry.
......................................................................
တတိယနိုင်ငံတွင်အခြေချနေထိုင်ရေးအစီအစဉ်အရဒုက္ခသည်များ
လယ်သမားလုပ်ရတော့မည်
- ကုလသမဂ္ဂဧ်တတိယနိုင်ငံအခြေချနေထိုင်ရေးအစီစဉ်အထိုင်းနိုင်ငံမှတဆင့်ပြီးခဲ့သည့်နှစ်ကရောက်ရှိလာသည့်
မြန်မာဒုက္ခသည် ၂၇ဦးသည်ဂျပန်အစိုးဧ်အထောက်အပံ့ဖြင့်ဘာသာစကားနှင့်ရိုးရာဓလေ့ထုံးစံများသင်တန်း
(မတ် ၁၉ ရက်နေ့ တွင်)ပြီးဆုံးပါကလယ်သမားအဖြင့်လုပ်ကိုင်ရတော့မည်ဖြစ်သည်။

- ဒုက္ခသည် ၁၂ ဦးပါဝင်သောကရင်မိသားစု ၂စုသည်ချိဘားခရိုင်ယာချိမတတွင်မြေပဲနှင့်အသီးအရွက်စိုက်ပျိုးရမည်ဖြစ်ပြီးကျန်သည့်ဒုက္ခသည် ၁၅ ဦးပါဝင်သောမိသားစု ၃ စုသည် မိအဲခရိုင်ရှိ ဆုဇုက မြို့ တွင် မှိုစိုက်ပျိုးရေးလုပ်
ငန်းကိုလုပ်ကိုင်ရမည်ဖြစ်သည်ဟုနိုင်ငံခြားရေးဝန်ကြီးဌာနသတင်းအရသိရှိရသည်။
0 comments

Foreigners who applied for refugee status in Japan down 186 in 2010

TOKYO (Kyodo) — The number of foreigners who applied for refugee status in Japan in 2010 totaled 1,202, down 186 from a year earlier, while only 39 people were certified as refugees, up nine, the Justice Ministry said Friday.
Applicants from Myanmar, the largest group, decreased by 226, apparently because the situation in the country has been stabilizing since 2007, a year that saw violent repression of antigovernment demonstrations, according to the ministry’s Immigration Bureau.
Those who applied for refugee status in 2010 included 342 people from Myanmar, 171 from Sri Lanka, 126 from Turkey, 109 from Nepal, and 91 from India. The number of Nepalese more than doubled from the previous year.
The number of foreigners who were not given refugee status but were allowed to stay in Japan on humanitarian grounds fell by 138 to 363.
Of the overall total of 402 foreigners who have been granted asylum in Japan through 2010, 356 were people from Myanmar.
(Mainichi Japan) February 26, 2011
..............................................................................
ဒုက္ခသည်လျှောက်ထားသူ ၁၈၆ ဦးလျော့နည်း

- နိုင်ငံခြားသားများဂျပန်နိုင်ငံတွင်ဒုက္ခသည်လျှောက်ထားသည့်အရေအတွက်သည် ၂၀၁၀ ခုနှစ်တွင်၁၂၀၂ ဦးရှိခဲ့ ၍လွန်ခဲ့သောနှစ်ကထက် ၁၈၆ ဦးလျော့နည်းခဲ့ပြီး။ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံရသူမှာပြီးခဲ့သည့်နှစ်ထက် ၉  ဦးပိုခဲ့ကာ ၃၉ ဦးရှိခဲ့သည်ဟု တရားရေး
ဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့သည်။

- အရေအတွက်အများဆုံးမြန်မာနိုင်ငံသားများ ဒုက္ခသည်လျှောက်ထားသည့်ဦးရေမှာ ၂၂ဦးကျဆင်းခဲ့သည်။

- ထိုသို့ လျော့နည်းရသည့်အကြောင်းမှာ အစိုးရဆန့် ကျင်ဆန္ဒပြမှုများအဓိကဂုဏ်းများဖြစ်ပွားပြီးသည့် ၂၀၀၇ ခု  နှစ်မှစ၍ တိုင်းပြည်သည်တည်ငြိမ်လာသောကြောင့်ဖြစ်သည်ဟု ၀န်ကြီးဌာန၏ လ.၀.က သတင်းအရသိရသည်။
- ၂၀၁၀ ခုနှစ်တွင် ဒုက္ခသည်လျှောက်ထားသူများမှာမြန်မာမှ ၃၄၂ ဦး သိရိလကာင်္ မှ ၁၇၁ ဦး တူရကီ မှ ၁၂၆ ဦး  နီပေါ မှ ၁၀၉ ဦးနှင် အိန္ဒိယ ၉၃ ဦးတို့ ဖြစ်ကြပြီး ၊ လွန်ခဲ့ သည့်နှစ်ကထက်စာလျှင် နီပေါ နိုင်ငံသားသည် ၂ ဆကျော်ပိုများလာခဲ့သည်။
- ဂျပန်နိုင်ငံတွင်ဒုက္ခသည်အဖြစ်အသိအမှတ်ပြုမခံရသော်လည်းလူသားချင်းစာနာထောက်ထားမှုအရနေထိုင်ခွင့်ရရှိ
  သူဦးရေမှာ ၁၃၈ ဦးကျဆင်းပြီး ၃၆၃ ဦးရှိခဲ့သည်။
- ၂၀၁၀ ခုနှစ်တွင်ဂျပန်၌ခုံလှုံခွင့်ရသည့်နိုင်ငံခြားသားအရေအတွက်မှာ ၄၀၂ဦးရှိပြီး၎င်းအထဲတွင်မြန်မာလူမျိုး ၃၅၆ ဦးပါဝင်သည်။