Saturday, April 21, 2012

လေကိုရောင်းစားနိုင်ပါစေ

ပြီးခဲ့တဲ့မတ်လက ရွှေနိုင်ငံတော်ကြီးဟာ အရှေ့တောင်အာရှဒေသတွင်းကနိုင်ငံများရဲ့ နေ့အပူုချိန်ဒီဂရီတွေကို ပြတ်ပြတ်သားသားကျော်လွှား
အနိုင်ယူပြီး ဒေသအတွင်းမှာ နေ့အပူုချိန်အပြင်းဆုံးချန်ပီယံ သရဖူကိုရယူသွားခဲ့ပါတယ်ခင်ဗျာ  ဒီလိုမျိုးချန်ပီယံ ဖြစ်သွားတာကို လူအများက
သစ်တောတွေပြုန်းတီးအောင် သစ်ပင်တွေကို ကြိုးကြိုးစားစား မတရားခုတ်ပြီး နိုင်ငံခြားကိုရောင်းစားလို့ ဖြစ်ရတဲ့ အကျိုးရလာဘ် ဆိုးအဖြစ်
ဆဲဆိုပြီးထောပဏာပြုကြပါတယ်ခင်ဗျား.....

ကမ္ဘာမြေပြင်ပေါ်မှာ ကမ္ဘာ့လူဦးရေ တိုးပွားမှုရှိလာတာနဲ့အမျှ နေထိုင်ရန်မြေနေရာချဲ့ထွင်လာခြင်းကြောင့်ရယ် လောင်စာထင်းမီးသွေးလိုအပ်
မှုကြောင့်ရယ် နေအိမ်ပရိဘောဂအသုံးအဆောင်ပြုလုပ်ဘို့လိုအပ်ချက်တွေကြောင့်ကမ္ဘာမှာ သစ်တောတွေပြုန်းတီးလာရတာဖြစ်တယ်ခင်ဗျ.....

သစ်တောနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်သူရဲ့အဆိုအရ ရွှေနိုင်ငံတော်ကြီးမှာ ၁၉၂၅ ခုနှစ်တုန်းကဆိုရင် သစ်တောဖုံးလွှမ်းမှုဟာ
နိုင်ငံ့ဧရိယာရဲ့ ၆၅.၈%ရှိခဲ့ရာကနေ အိမ်စောင့်အစိုးရလက်ထက် ၁၉၅၈ ခုနှစ်မှာ ၅၇.၂%ထိဖြစ်သွားခဲ့ပြီး တောမီးလောင်တာတွေ ပုဇွန်မွေးမြူ
ရေးကန်ဆောက်လုပ်တာတွေ တနင်္သာရီဒေသမှာ ဆီအုန်းခြံတွေအတွက် သစ်ပင်တွေ သစ်တောတွေ ခုတ်လှဲဖျက်ဆီးခံခဲ့ရသလို ကျောက်မျက်
ရတနာနဲ့ ရွှေအပါအ၀င် ကြေးသတ္တု မြေအောက်သယံဇာတ တွေကိုတူးဖေါ်တာတွေကြောင့်သစ်တောတွေပြုန်းတီးခဲ့ရပါတယ်ခင်ဗျား.....

ဒါ့အပြင် လိုအပ်ချက်ထက်ပိုပြီး မြစ်ချောင်းတွေကိုပိတ်ဆို့လို့ ဆည်မြောင်းတာတမံတွေ တည်ဆောက်ဘို့ ဆည်ဧရိယာအတွက်နဲ့ ဆည်ရေ၀ပ်ဧ
ရိယာအတွက် ကျေးရွာတွေ ရွှေ့ပြောင်းပေးခဲ့ရရုံသာမက သစ်တောတွေကိုပါရှင်းလိုက်ရတဲ့အတွက်ကြောင့်လဲ သစ်တောတွေပျက်သုန်းခဲ့ရသလို
အဆိုးဆုံးကတော့ သစ်ပင်ရဲ့ ကိုင်းဖျားကိုင်းနားပါမကျန် ဈေးကွက်ထဲမှာ ရောင်းလို့ရတဲ့အတွက် ..တရားလက်လွတ် ဆင်ခြင်ပိုင်းခြားခြင်းကင်း
မဲ့စွာ ဥပဒေကိုဘေးချိတ်လို့ ၀ိသမလောဘစီးပွားဖြစ် သစ်ပင်ကြီးငယ်မကျန် ခုတ်ဖြတ်လို့သစ်ထုတ်လုပ်မှုတွေကြောင့် ၁၉၂၅ ခုနှစ်ကနိုင်ငံဧရိယာ
ရဲ့ တ၀က်ကျော်ရှိခဲ့တဲ့ သစ်တောဖုံးလွှမ်းခဲ့မှုဟာ ၂၀၁၀ခုနှစ်မှာ  နိုင်ငံဧရိယာ၏ ၄၁% သို့အလျှင်အမြန်ထိုးကျသွားခဲ့ပါတယ်ခင်ဗျား..နှမြောစရာ
ကောင်းလှပါဘိခြင်း.....

အဲဒီအကျိုးဆက်က ရွှေနိုင်ငံတော်ကြီးကို ဒေသအတွင်း အပူချိန်အမြင့်ဆုံးချန်ပီယံဘွဲ့ထူးကိုရရှိစေဘို့ အထောက်အပံ့ပေးတဲ့အဓိကအချက်တွေ
ထဲကအချက် ၁ချက်လို့ရွှေမြိုင်အောင်လဲပြောချင်ပါတယ်ခင်ဗျား.....

၂၀၁၀ခုနှစ်သူတို့စိတ်တိုင်ကျရွေးကောက်ပွဲလုပ်မဲ့အချိန်မတိုင်ခင်က ကြက်ဆူဘုရင်ကြီးနဲ့အဖွဲ့ဟာ နိုင်ငံတော်နာမည်နဲ့လုပ်ငန်းတွေနဲ့ နိုင်ငံတော်
ပိုင်အဆောက်အဦးတွေကို သူတို့နဲ့အဆင်ပြေတဲ့သူတွေကို လက်သိပ်ထိုးရောင်းချပေးအပ်လို့ လုပ်ကိုင်ပိုင်ဆိုင်စေခဲ့ပါတယ်ခင်ဗျ ..ထို့အတူပါပဲ
၂၀၁၅ရွေးကောက်ပွဲမတိုင်မီ ကျောက်မျက်ရတနာတူးဖေါ်ရေးလုပ်ငန်းတွေကို အပြီးအပြတ်လုပ်ခိုင်းတဲ့အတွက် လုပ်ငန်းရှင်တွေဟာ အရင်ကထက်ပို
ပြီး မိုင်းတွေနဲ့ခွဲ စက်ယန္တယားတွေနဲ့တူးဖေါ်သယ်ယူလုပ်ကိုင်နေကြပါတယ်ခင်ဗျား .....

အဲဒီလိုကျောက်မျက်ရတနာတူးဖေါ်တဲ့လုပ်ငန်းတွေကထွက်လာတဲ့ မြေတွေကို စံနစ်တကျစွန့်ပစ်ခြင်းမရှိဘဲ မြစ်ချောင်းတွေထဲနဲ့ မြစ်ချောင်းတွေအနီးဝန်းကျင်မှာ
ဖြစ်သလိုစွန့်ပစ်ခဲ့ကြတဲ့အတွက် မြစ်ချောင်းများတိမ်ကောခြင်း မြစ်ကြောင်းရေစီးကြောင်းပြောင်းခြင်း ရေဝေရေလဲများပြောင်းခြင်းကြောင့် ရာသီဥတုတွေအပြောင်း
အလဲတွေဖြစ်စေပြီး အပူုချိန်ကိုကမောက်ကမဖြစ်စေတဲ့အကြောင်းအရင်းထဲကနောက်ထပ်တချက်လို့ဆိုပါရစေခင်ဗျား.....

ကြက်ဆူအစိုးရမင်းအဆက်ဆက်တွေဟာ မြို့ရွာတွေကိုရေပေးဝေဘို့အတွက် မြစ်ရေတင်စီမံကိန်းတွေ မြစ်ချောင်းတွေကိုပိတ်ဆို့ တာတမံတွေဖို့လို့
မြစ်ရေပေးဝေရေးစိမံကိန်းတွေလုပ်ခဲ့ကြတာတွေကိုကြည့်ခြင်းအားဖြင့် မြစ်ချောင်းတွေဟာ  ရွှေနိုင်ငံကပြည်သူတွေ နေ့စဉ်သုံးစွဲတဲ့ ရေလိုအပ်ချက်ကို
ဖြည့်ဆည်းပေးနေတယ်ဆိုတာ သွယ်ဝိုက်သောနည်းနဲ့ ၀န်ခံပြီးသားဖြစ်နေပါတယ်ခင်ဗျား.....

လူသားတွေသုံးစွဲမဲ့ရေဆိုတာ သန့်စင်မှုရှိဘို့လိုအပ်ပါတယ်ခင်ဗျ ..အခုအချိန်မှာတော့ စက်ရုံအလုပ်ရုံတွေက စည်းကမ်းမဲ့ စွန့်ပစ်တဲ့ရေဆိုးတွေ ကျောက်မျက်
ရတနာတူးဖေါ်ရေးလုပ်ငန်းတွေကအသုံးပြုပြီးရေဆိုးတွေနဲ့ ရွှေရှာဖွေရေးလုပ်ငန်းတွေက ရွှေကျင်ပြီးထွက်လာတဲ့ရေဆိုးတွေထဲမှာ အမိုးနီးယားစတဲ့
ဓါတုဗေဒပစ္စည်းတွေပါဝင်တယ်ခင်ဗျ ဓါတုပစ္စည်းလိုအပ်တဲ့ပမာဏထက်ပိုပြီးပါဝင်နေတဲ့ရေကိုသုံးစွဲရတဲ့ ရွှေနိုင်ကပြည်သူတွေ အဲဒီရေထဲကရေသတ္တ၀ါ
တွေကိုစားကြရတဲ့ရွှေနိုင်ကပြည်သူတွေ အတွက်အဆိပ်အတောက် အန္တရာယ်ရှိစေပါမယ်ခင်ဗျား.....

ဒါပေမဲ့ မလွှဲမရှောင်သာတော့လဲစားရသုံးရတာပေါ့နော် စားသောက်ကုန်တွေ သားငါးတွေကလည်းဈေးကကြီးပါဘိသနဲ့ ရွှေနိုင်ငံရဲ့ပင်လယ်ပြင်မှာလဲ
ရွှေနိုင်ငံသားတွေရော နိုင်ငံခြားသားတွေပါ အပြိုင်အဆိုင် ငါးဖမ်းနေလိုက်ကြတာ ငါးသေးငါးမွှေးကစလို့ ငါးတွေသားပေါက်တဲ့ရာသီအချိန်မှာတောင်
မနားဘဲ ဖမ်းကြလို့ ငါးရှားတဲ့ပြဿနာကိုစတင်ကြုံတွေ့နေရပါပြီခင်ဗျား.....

ရွှေနိုင်ငံထွက် ငါးရှဥ့်ဆိုရင်လဲ ပြည်ပပို့ဘို့ဝယ်လွန်းလို့ ငါးရှဥ့်တပိဿာကို ရွှေနိုင်ငံသုံးငွေကျပ် ၇၀၀၀/ အထိရှိသွားပါပြီ ကြက်ဆူအစိုးရမင်းများသတ်မှတ်
ပေးထားတဲ့နိုင်ငံခြားငွေလဲနှုန်းအရဆိုရင် ငါးရှဥ့်တပိဿာဟာ အမေရိကန်ဒေါ်လာ ၉ဒေါ်လာအထိတန်ဘိုးရှိနေပါပြီခင်ဗျား.....

မြစ်ချောင်းများတိမ်ကောလာခြင်း မြစ်ချောင်းရေထဲမှာ ဓါတုပစ္စည်းများပါဝင်လာခြင်း မြစ်ရေနောက်ကျိခြင်းတို့ကြောင့်လဲ ရေသတ္တ၀ါ ငါးပုဇွန် ရှားပါး
လာသလို နောက်တချက်အနေနဲ့ မြစ်ချောင်းမှန်သမျှကိုပိတ်ဆို့တည်ဆောက်ထားတဲ့ ဆည်မြောင်းရေတံခါးတွေကို စံနစ်တကျ အဖွင့်အပိတ်
မလုပ်ပေးနိုင်တဲ့အတွက် အင်းအိုင်တွေထဲကို ငါးဝင်ရောက်ပေါက်ပွားမှုနည်းပါးရတာကလည်း ငါးပုဇွန်ရှားပါးခြင်းအတွက် အကြောင်းအချင်းတခုဖြစ်ပါတယ်ခင်ဗျား.....

ဆည်တံခါးနဲ့ငါး ဘယ်လိုပတ်သက်သလဲဆိုတာက ..နွေရာသီဆိုရင်ဆည်ထဲမှာ ရေကလျော့နည်းနေမှာဖြစ်ပါတယ် ခင်ဗျ မိုးဦးကျ ငါးရစ်တက်ချိန်မှာ
ဆည်တံခါးကိုဖွင့်ထားသင့်ပြီး ငါးရစ်တက်ချိန်ရာသီကုန်မှ ဆည်တံခါးကိုပိတ်လိုက်ရမှာဖြစ်ပေမဲ့ မိုးဦးကျကာလ မိုးစရွာတဲ့အချိန်မှာ ဆည်ထဲသတ်မှတ်
ရေပမာဏအထိရေရရှိအောင်စုဆောင်းနိုင်ဘို့အတွက် ဆည်တံခါးကို မဖွင့်ဘဲထားရင် ငါးရစ်တက်တဲ့အချိန်မှာ မြစ်တွေထဲကနေ ပြီး ကွင်းထဲက
အင်းအိုင်တွေမှာ သားလာပေါက်တဲ့ ငါးမျိုးတွေ ၀င်ရောက်လာနိုင်မှာမဟုတ်ပါ အထူးသဖြင့် ကကတစ်နဲ့ငါးဘတ်လိုငါးမျိုးဖြစ်ကြပါတယ်ခင်ဗျား.....

ကကတစ်လိုငါးမျိုးဟာ ပြည်ပပို့ကုန်အဖြစ်ရှိတဲ့ငါးအမျိုးအစားဖြစ်ပါတယ် ဒါပေမဲ့ပြည်တွင်းစားသုံးမှုလိုအပ်ချက်ကိုတောင်မဖြည့်နိုင်ပဲ နိုင်ငံခြားငွေ
ရရှိမှုတခုထဲအတွက် ကိုသာစဉ်းစားပြီးလုပ်ကိုင်နေကြရင် ရွှေနိုင်ငံတော်ကြီးအတွင်းကပြည်သူတွေ  စားရေရိက္ခာရှားပါးတဲ့ဒဏ်ခံစားရမှာပါခင်ဗျား.....

ရွှေနိုင်ငံရဲ့မြို့တော် ရွှေဂုန်ကို စင်္ကာပူုနိုင်ငံကဲ့သို့ဖြစ်အောင်လုပ်ဘို့ ကြက်ဆူသမ္မတမင်းက ညွှန်ကြားထားပြီး လှည်းတန်း ရွှေဂုံတိုင်
ဘုရင့်နောင်နဲ့ တာမွေလမ်းဆုံများမှာ ဂုံးကျော်တံတားတွေကို ၄လနဲ့ပြီးအောင်တည်ဆောက်သွားမယ်လို့ ၀န်ကြီးတပါးကပြောခဲ့တယ်ခင်ဗျ
ပြုလုပ်မဲ့အထဲမှာ မိုးပျံရထားလမ်းတွေဆောက်မယ် လမ်းပျက်တွေ ရေဆိုးစွန့်ထုတ်စံနစ်မိလ္လာစံနစ်တွေပြင်မယ် ၀န်ထမ်းအိမ်ယာတွေ
ဆောက်မယ်လို့ စီစဉ်ထားကြောင်းဆိုပါတယ်ခင်ဗျ ကောင်းသောကြံစီခြင်းပါ ရွှေမြိုင်အောင်ကြိုဆိုပါတယ်ခင်ဗျား.....

စင်္ကာပူနိုင်ငံမှာ လူဦးရေ ၄.၈သန်းပဲရှိပြီးရွှေဂုန်မြို့တော်မှာ လူဦးရေ၆သန်းကျော်နေထိုင်ပါတယ် မိုးပျံရထားလမ်းတွေဖေါက်မယ်ဆိုရင် အချိန်ယူရပါဦးမယ်
လောလောဆယ် ကားတွေကောင်းမွန်စွာသွားနိုင်အောင် လမ်းပျက်နေတာတွေကိုပြင်ဆင်ဘို့ နဲ့လိုအပ်ရင်တိုးချဲ့သင့်ပါတယ်ခင်ဗျ .....

စင်္ကာပူလိုလုပ်လို့ရတဲ့ လမ်းပန်းဆက်သွယ်ရေးပုံစံတခုက လက်ရှိမြို့ပတ်ရထားလမ်းတွေကိုကောင်းအောင်ပြင်ဆင်ပါ ..ရထားချိန်ကိုမှန်အောင်
လုပ်ပါ ရထားခေါက်ရေကိုလည်းတိုးပါခင်ဗျား  ယာဉ်ရပ်နားစခန်းတွေ ကားဂိတ်တွေ ကို ဘူတာရုံတွေရဲ့အနီးမှာတည်ဆောက်ပြီး အဲဒီကားဂိတ်
တွေကမှတဆင့် ဘူတာအနီးအနား မြို့နယ်နဲ့ရပ်ကွက်တွေကို ခရီးတိုဘတ်စကားတွေပြေးဆွဲပေးခြင်းအားဖြင့် မြို့တွင်းကိုသွားလာနေတဲ့
ယာဉ်ကြောပိတ်ဆို့မှုတွေကို အတိုင်းအတာတခုအထိလျှော့ချနိုင်လိမ့်မယ်လို့ ရွှေမြိုင်အောင် ထင်ပါတယ်ခင်ဗျား.....

စင်္ကာပူနိုင်ငံဟာ ၁၉၆၅ခုနှစ်မှာ မလေးရှားနိုင်ငံကနေခွဲထွက်ခွင့်ရပြီး သီးခြားလွတ်လပ်တဲ့နိုင်ငံဖြစ်လာခဲ့ပါတယ် နိုင်ငံရဲ့အခြေခံအဆောက်အအုံ
ဖြစ်တဲ့ လမ်းဖွဲ့စည်းပုံ ရေထုတ်မြောင်းနဲ့ရေဆိုးစွန့်စံနစ်တွေအတွက် ရွှေဂုန်မြို့တော်ကိုစံနမူနာထားလို့ ပုံစံကူးတည်ဆောက်ခဲ့တယ်လို့ ကြားသိရတယ်ခင်ဗျ.....

ထိုအချိန်က စင်္ကာပူအစိုးရပိုင်းကလူတွေ ရွှေဂုန်ကိုဘယ်လောက်အထိ အထင်ကြီးခဲ့သလဲ ရွှေဂုန်သားတွေကိုဘယ်လောက်အထိအားကျခဲ့သလဲ
ဆိုရင်  စင်္ကာပူနိုင်ငံကရပ်ကွက်တခုကို SERANGOON (ဆီရမ်ဂွန်း)လို့အမည်ပေးခဲ့ပါတယ် မလေးဘာသာစကားဖြစ်ပြီး အဓိပ္ပါယ်က "ရွှေဂုန်သား"
ပါတဲ့ခင်ဗျား.....

အဲဒီ SERANGOON ရပ်ကွက်နယ်မြေထဲမှာ( Mandalay Road ) မန္တလေးလမ်း(Moulmein Road) မော်လမြိုင်လမ်း (Bassein Road) ပုသိမ်လမ်း
(Irrawaddy Road)ဧရာဝတီလမ်း (Martaban Road) မုတ္တမလမ်း (Minbu Road) မင်းဘူးလမ်း (Mergui Road) မြိတ်လမ်း (Akyab Road)စစ်တွေလမ်း
(Shan Road)ရှမ်းလမ်း အစရှိသဖြင့် ရွှေနိုင်ငံက မြို့နာမည်တွေကိုလမ်းနာမည်ပေးထားပါတယ်ခင်ဗျား.....

စင်္ကာပူနိုင်ငံဆိုတာ သဘာဝသယံဇာတဆိုလို့ ဘာဆိုရင်ဘာမှမရှိတဲ့နိုင်ငံငယ်ကလေးပါ ရေကအစ သူများတိုင်းပြည်က၀ယ်ရပါတယ် နိုင်ငံကသေးပေမဲ့သန့်ရှင်းတယ်
မြစ်ချောင်းတွေကိုအလှမပျက်အောင်ထိန်းသိမ်းတယ် နိုင်ငံရဲ့ ဧရိယာမြေထုကိုချဲ့ဘို့အတွက် သူတို့ရေပိုင်နက် ပင်လယ်ပြင်ကိုကျောက်တွေ သဲတွေ
ဖို့ပစ်လိုက်တယ် သူများနိုင်ငံကသဲတွေဝယ်ပြီး မြေဖို့တယ်လို့ဆိုတယ်ခင်ဗျ.....

စင်္ကာပူမှာမြို့သစ်တခုတည်တော့မယ်ဆိုရင် အခြေခံအဆောက်အအုံတွေဖြစ်တဲ့ မြောင်းတွေ လမ်းတွေကိုအရင်ဆုံးစံနစ်တကျ တည်ဆောက်ပါတယ်
လူနေအိမ်ခန်းတွေမှာ ရေ မီး ဂက်အကုန်လုံးအပြည့်အစုံပါရှိစေပြီး ရေဆိုးထုတ်စံနစ် မိလ္လာစံနစ် အမှိုက်စွန့် /သိမ်းစံနစ်တွေ ကောင်းမွန်တယ်လို့ဆိုကြတယ်ခင်ဗျ..
၂၄နာရီလျှပ်စစ်မီးကမပြတ်တော့ အဆောက်အဦးတွေ အထပ်ပေါင်းများစွာမြင့်ပါစေ လူနေတိုက်ခန်းတွေအထပ် ၄၀အထိရှိနေပါစေ မိမိသွားလိုတဲ့
နေရာအခန်းကို ဓါတ်လှေခါးနဲ့ တက်သွားနိုင်ပါတယ်ခင်ဗျား.....

သဘာဝမြေပေါ်မြေအောက်သယံဇာတတွေ ပေါများတဲ့ ရွှေနိုင်ငံတော်ကြီးမှာ သယံဇာတတွေကို လူနည်းစုအဖွဲ့ အာဏာပိုင်တွေက ရောင်းစားလို့ ကမ္ဘာ့
အဆင်းရဲဆုံးနိုင်ငံတွေစာရင်းထဲ ရောက်နေချိန်မှာ သယံဇာတ ဘာမှမထွက်တဲ့စင်္ကာပူနိုင်ငံကျတော့ ရွှေနိုင်ငံတော်ကြီးနဲ့ဆန့်ကျင်ဘက်အခြမ်းမှာ
တိုးတက်တဲ့နိုင်ငံအဖြစ် ရပ်တည်နေပါတယ်ခင်ဗျာ.....

စီးပွားရေးတွက်တာထူးချွန်တဲ့ စင်္ကာပူခေါင်းဆောင်တွေဟာ သူ့နိုင်ငံထဲမှာရှိတဲ့သူတွေကို မမြင်ရတဲ့သဘာဝ လေကိုရောင်းပါတယ်ခင်ဗျ.. ရွှေမြိုင်အောင်
ပေါက်တတ်ကရတွေ ရေးနေပြောနေခြင်းမဟုတ်ပါခင်ဗျား.....

ရွှေနိုင်ငံတော်ကြီးကလူနေတိုက်ခန်းတွေဆိုတာ မြေညီထပ်ကဈေးအကြီးဆုံးဖြစ်ပြီး အထက်ကိုအထပ်မြင့်တက်သွားတာနဲ့အမျှ ဈေးလျှော့သွားပါတယ်
အမြင့်ဆုံးအထပ်ကဈေးအနဲဆုံးပါ လှေခါးအတက်အဆင်းကပင်ပန်းတာကိုး ဟုတ်တယ် ဟုတ်.....

အဲ.. စင်္ကာပူကတော့ရွှေနိုင်ငံတော်ကြီးနဲ့ ပြောင်းပြန်သဘော ဆောင်လို့  အောက်ဆုံးလူနေအိမ်ခန်းတွေကဈေးအနဲဆုံးဖြစ်ပြီး အထပ်မြင့်လေတိုင်းဈေးနှုန်းကပို
၍ပို၍ မြင့်သွားပါတယ် ခင်ဗျ ..အခန်းတိုင်းရဲ့ ရေ မီး ဂက်ရရှိမှုကအတူတူ ဖြစ်ပေမဲ့ အနိမ့်ပိုင်းလူနေအခန်းတွေဟာ ပတ်ဝန်းကျင်အနံ့အသက်တွေ
 နေ့စဉ်သွားလာမောင်းနှင်နေကြတဲ့ ယာဉ်တွေက ထွက်ရှိသောလောင်စာအငွေ့တွေကြောင့် လေထုဟာမသန့်ရှင်းပါဘူးတဲ့ ဒါကြောင့် လေ၀င်လေထွက်
ကောင်းပြီး သန့်စင်တဲ့လေကောင်းလေသန့်ကို ရှူရှိုက်ခွင့်ရတဲ့ အမြင့်ပိုင်း အခန်းတွေက ဈေးပိုကြီးရတယ်လို့ဆိုတာပါခင်ဗျား.....

သဘာဝအရင်းအမြစ်တွေကိုရောင်းစားနေကြတဲ့ ကြက်ဆူအုပ်စုက ကြက်ဆူသမ္မတမင်းရဲ့ညွှန်ကြားချက်အတိုင်း ရွှေဂုန်မြို့ကို စင်္ကာပူကဲ့သို့ဖြစ်အောင်
အကောင်ထည်ဖေါ်တည်ဆောက်ကြမဲ့ သက်ဆိုင်သူများခင်ဗျာ အခြေခံအဆောက်အအုံဖြစ်တဲ့ ရေစီးရေလာရေဆိုးထုတ်စံနစ် လမ်းမြောင်းမိလ္လာ တို့ကို
စံနစ်ကျအောင် လုပ်ဆောင်ဘို့နဲ့ လူနေအိမ်တခုရဲ့အခြေခံလိုအပ်ချက် ရေမီးဂက်ကို ၂၄နာရီ အပြည့်အ၀ရရှိစေပြီး စင်္ကာပူနိုင်ငံကဲ့သို့ လေကိုရောင်းစား
နိုင်အောင် ပြည်သူတွေအတွက် ပြည်သူ့ဝန်ကိုအပြည့်အ၀ ထမ်းဆောင်ကြိုးစားပေးကြပါလို့ ရွှေမြိုင်အောင် တိုက်တွန်းလိုက်ပါရစေခင်ဗျား.....

(ရွှေမြိုင်အောင်)





No comments:

Post a Comment