Saturday, August 13, 2011

အပွင့်အသီးစားပြီး ရင့်သီးစကားမဆိုစေချင်

၈၈ အရေးအခင်းရဲ့နောက်ပိုင်း ရွှေနိုင်ငံတော်ကြီးမှာ အပြောင်းအလဲတွေ ပြုပြင်တည်ဆောက်ရေးတွေအများကြီးရှိခဲ့ပါတယ် ..အပြောင်းအလဲက
တပါတီအာဏာရှင်စံနစ်ကနေ စစ်တပ်အုပ်ချုပ်တဲ့ အာဏာရှင်စံနစ်သို့ကူးပြောင်းသွားခြင်းဖြစ်သလို ..ပြုပြင်တည်ဆောက်ရေး ဆိုလို့ရှိရင် ရွှေမြို့တော်
ကြီးက ပျက်စီးနေတဲ့လမ်းတွေ ရဲ့ချိုင့်ခွက်တွေကို ဖာတယ် ထေးတယ် ကတ္တရာလောင်းတာတွေလုပ်ကြပါတယ်ခင်ဗျား .....

ရွှေမြို့တော်ကြီးကိုလဲ မြို့တော်င်္အါရပ်နဲ့ညီအောင်ဆိုပြီး ပလက်ဖေါင်းမြောင်းဖုံးအဟောင်းတွေ နေရာမှာမြောင်းဖုံးအသစ်တွေပြုလုပ်တတ်ဆင် စေခဲ့ပါတယ် ..အဲဒီတော့
ကွန်ကရစ်နဲ့လုပ်ထားတဲ့ရေမြောင်းအဖုံးအဟောင်းတွေ ဖျက်ဘို့နဲ့ ကွန်ကရစ်ရေမြောင်းအဖုံး အသစ်ပြုလုပ်တတ်ဆင်ဘို့ အတွက်ကို ကန်ထရိုက်
လုပ်ငန်းတွေ ချပေးခဲ့တယ်ခင်ဗျ ..ရွှေနိုင်ငံတော်ကြီးမှာ ကန်ထရိုက်လုပ်ငန်းချပေးတယ်ဆိုတာက လက်သင့်ရာစားတော်ခေါ်သလို ကြက်ဆူအုပ်စု
နဲ့နီးစပ်ရာတွေ သာ ကန်ထရိုက်ရကြတာပါခင်ဗျာ.....

ကန်ထရိုက်လုပ်ငန်းတွေရကြတော့ တဆင့် တဆင့်နဲ့ လက်လွှဲရောင်းချကြတယ်ပေါ့ခင်ဗျာ ..ဒီလိုနဲ့ပဲ ဆပ်ကန်ထရိုက်တာတွေ ဆပ်ဆပ်ကန်ထရိုက်တာတွေ
ဘယ်နှစ်ဆပ်မှန်းမသိတဲ့ ကန်ထရိုက်တာတွေဟာ ရွှေမြို့တော်ကြီးရဲ့ ရေမြောင်းအဖုံး ဖျက်ဆီးနဲ့ ပြုလုပ်တပ်ဆင်ရေး ပရောဂျက်ကြီးတွေမှာ လုပ်ငန်းတွေရ
ခဲ့ကြပြီး သူ့ထက်ငါ အလျှင်အမြန်ပြီးအောင် နေ့အဆိုင်း ညအဆိုင်းတွေနဲ့ ခွဲလို့ ကြိုးစား လုပ်ကြတယ်ပေါ့ခင်ဗျာ .....

အချို့ ဘယ်လောက်ထိမြန်သလဲဆိုရင် ညဘက်မှာ မြောင်းဖုံးအဟောင်းတွေကိုဖျက်ပြီး လော်လီကားတွေနဲ့ သယ်ထုတ်သွားသလို နေ့ပိုင်းမှာ ကွန်ကရစ်
အသင့်လောင်းပြီးသား မြောင်းဖုံးအသစ်တွေကို ညကဖျက်လိုက်လို့ နေရာလွတ်သွားတဲ့မြောင်းဖုံးတွေနေရာမှာ ပြန်ပြီးတတ်ဆင်ပါတယ်ခင်ဗျား.....

အဲဒီလို အဟောင်းထုတ်လိုက် အသစ်ထည့်လိုက်လုပ်နေတဲ့လုပ်ငန်းဟာ သုံးရက်လောက်ကြာတော့ အသစ်ထည့်ဘို့အလျှင်မမှီဘူးဖြစ်လာပါလေရောခင်ဗျ
..ဘာကြောင့်မမှီရသလဲဆိုတော့ ကွန်ကရစ်တခါလောင်းပြီးသွားရင် ကွန်ကရစ်အသားသေအောင် စောင့်ရတဲ့ သတ်မှတ်ရက်ရှိပါတယ်.. သတ်မှတ်ရက်
မပြည့်ခင် ကျောက်ပုံးလို့ခေါ်တဲ့ပုံစံခွက်ကို ခွာလိုက်ရင် ကွန်ကရစ်ဟာ အားလျော့တတ်ပြီး ထိခိုက်ပျက်စီးလွယ်စေတတ်လို့ပါ .....

အဲဒီတော့ အမြန်လဲံပြီးအောင် ပုစံခွက်ဖြုတ်ခွာရတဲ့ဒုက္ခကလဲ ကင်းဝေးအောင် အတွက် ရွှေနိုင်ငံတော်ကြီးက ကန်ထရိုက်တာတွေ ဆပ်ဆပ်ကန်ထရိုက်တာတွေက ရွှေဥာဏ်တော်စူးရောက်စွာနဲ့ ရေမြောင်းထဲမှာဒေါက်တိုင်တွေထောက် ..ဒေါက်တိုင်တွေပေါ်မှာ ၀ါးကပ်ပြားတွေကိုခင်း..
ဝါးကပ်ပြားတွေရဲ့ အပေါ်မှာမှ ကွန်ကရစ်လို့ခေါ်တဲ့ဟာတွေကိုလောင်းပါတယ်ခင်ဗျား .....

ကွန်ကရစ်လို့ခေါ်တဲ့ဟာတွေလို့ ရွှေမြိုင်အောင်ပြောတာအကြောင်းရှိပါတယ် စာရှုသူခင်ဗျာ ..ကွန်ကရစ်ဆိုတာ ဘိလပ်မြေရယ် ကျောက်စရစ်ရယ် သဲရယ်
အချိုးအစား စံညွှန်းသတ်မှတ်ချက်အတိုင်း ပါဝင်နေရမှာဖြစ်ပေမဲ့ ..ရွှေနိုင်ငံတော်ကြီးရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေက ကွန်ကရစ်မှာဘိလပ်မြေဆိုတာက
ရှက်တတ်တဲ့လူုပျိုကြီး ဟာ မိန်းကလေးတွေနဲ့ မရောတတ်သလိုမျိုး ပေါ့ခင်ဗျာ ..ပါးပါးလေးပဲရောတတ်လို့ပါခင်ဗျ .....

ထိုကဲ့သို့ ..ထိုကဲ့သို့ မြောင်းဖုံးတွေကို ကွန်ကရစ်လောင်းပြီးသကာလ သတ်မှတ်ကွန်ကရစ်အသားသေရက်ပြည့်ပြီးသွားသည့်တိုင်အောင် ရေမြောင်းထဲကသစ်သားဒေါက်တိုင်တွေ ရယ် ၀ါးကပ်ပြားတွေရယ်ကို ဘယ်ကန်ထရိုက် ဆပ်ဆပ်ဆပ် ကန်ထရိုက်ကမှ ပြန်ပြီးဖြုတ်တာ ခွာတာမရှိဘူး
ခင်ဗျား .....

ရေမြောင်းထဲကဒေါက်တိုင်တွေကိုမဖြုတ်ခဲ့လို့အမှိုက်တွေပိတ်တဲ့အကျိုးကိုနှစ်စဉ် မိုးရာသီရောက်တိုင်းရွှေမြို့တော်သားတွေဟာ ၀ါဆိုဝါခေါင်မှာကွယ်
ရွှေမိုးလေးတွေညိုတော့ချစ်တေးနှောခဲ့တာတွေ မလုပ်နိုင်ပဲ ကိုယ့်လမ်း ကိုယ့်အိမ်ထဲရေတွေဝင်လေမလားလို့စောင့်နေကြရပါတော့တယ်ခင်ဗျာ .....

၈၈အရေးအခင်းနောက်ပိုင်း အမျိုးသားစီးပွားရေးပြန်လည်ဦးမော့စေရေးဆိုတဲ့ခေါင်းစဉ်နဲ့ ကြက်ဆူအုပ်စုဟာ နိုင်ငံခြားကရင်းနှီးမြှုပ်နှံလိုသူတွေကိုဖိတ်ခေါ်ခဲ့ပါတယ် စီးပွားရေး
လုပ်ပိုင်ခွင့်ပေးခဲ့ပြီး သူတို့စကားအရ တံခါးဖွင့်ပေးလိုက်တယ်ဆိုတဲ့အသုံးအနှုံးကိုသုံးပါတယ် ..ရွှေမြိုင်အောင်နားလည်ခဲ့တာက အရှေ့ကတံခါးကိုဖွင့်ပေး
တာမဟုတ်ပါဘူးခင်ဗျာ  နောက်ဖေးပေါက်ကတံခါးမှာ အစောင့်ထားလို့ အစောင့်နဲ့အဆင်ပြေအောင်ညှိနှိုင်းလို့အောင်မြင်ရင် နောက်ဖေးပေါက်ကနေ
ဝင်ခွင့်ရတဲ့သဘောပါခင်ဗျား.....

ရွှေနိုင်ငံတော်ကြီးမှာ နိုင်ငံခြားကုမ္ပဏီတွေ သူ့ပစ္စည်း ကိုယ့်ပစ္စည်း အပြိုင်ရောင်းဝယ်ကြလို့ ရန်တွေဖြစ်ရင် မကောင်းဘူးလို့ကြက်ဆူအုပ်စုက ယူဆ
ထားတယ်ထင်ပါရဲ့ခင်ဗျာ ပစ္စည်းအမျိုးအစားတူရင် ကုမ္ပဏီတခုကိုပဲခွင့်ပြုပါတယ် သိကြတဲ့အတိုင်းပါ ပက်စီကိုလာဝင်ခွင့်ရတယ် ကိုကာကိုလာ မ၀င်ရ
ကွန်ပျူတာဆော့ဝဲအနေနဲ့ Apple ကုမ္ပဏီကိုဝင်ခွင့်ပြုခဲ့တယ် Microsoft အနားမသီနဲ့ ဒါပဲ ..အဲဒီလို အဲဒီလို ဆုံးဖြတ်တွေနဲ့ နောက်ဖေးပေါက်တံခါးဖွင့်
ပေးခဲ့သလို ပြည်တွင်းက ကြက်ဆူအုပ်စုနဲ့နီးစပ်တဲ့  ဆက်သွယ်ပေးကမ်းတဲ့ သူတွေသာလုပ်ငန်းတွေ လုပ်ပိုင်ခွင့်တွေ ရခဲ့ကြပါတယ်ခင်ဗျား.....

အဲဒီကမှတဆင့် ဂျပန်နိုင်ငံမှာ နွေဦးရာသီရောက်ရင် ပေါက်လာတတ်တဲ့မြက်ပင်တွေလို ကြက်ဆူသူဌေးမင်းတွေ လဲရွှေနိုင်ငံတော်ကြီးမှာ အလျှို အလျှို
ပေါ်လာခဲ့ပါတယ်ခင်ဗျာ .....

တလောက အီတလီသတင်းထောက်နဲ့ အင်တာဗျူးခဲ့တဲ့ ကြက်ဆူသူဌေးမင်းတယောက်က ရွှေနိုင်ငံတော်မှာ သူအချမ်းသာဆုံးဖြစ်ကြောင်းပြောခဲ့ပါတယ်
စီးပွားရေးပိတ်ဆို့လဲ သူအပါအ၀င် ကြက်ဆူဗိုလ်ချုပ်တွေအတွက် အေးအေးဆေးဆေးပဲ ဘာမှပြဿနာမရှိဘူးတဲ့ခင်ဗျ .. စင်္ကာပူဘဏ်က သူ့ဘဏ်
အကောင့်ကိုပိတ်လိုက်လို့ စိန့်တိုင်းပြည်နဲ့ အရှေ့အလယ်ပိုင်းက ဘဏ်တွေကို ရွှေ့လိုက်ရပေမဲ့အလုပ် ဖြစ်နေတုန်းပါပဲတဲ့ခင်ဗျား.....

လုပ်ငန်းမျိုးစုံကိုလုပ်ကိုင်ခွင့်ရထားတဲ့ ဒီကြက်ဆူသူဌေးမင်းက တပါတီထဲနဲ့လုပ်ချင်ရာလုပ်ပြီး တိုင်းပြည်ကိုအုပ်ချုပ်တာကိုသဘောတွေ့တယ်နဲ့ တူပါတယ်
 စင်္ကာပူနိုင်ငံမှာလဲတပါတီထဲရှိပါတယ်တဲ့ခင်ဗျာ...ကြက်ဆူသူဌေးမင်းတကယ်ပဲမသိတာလား  တပါတီစံနစ်ကိုအမွှန်းတင်ချင်လွန် လွန်းလို့ စကားပြော
လောသွားတာလားဆိုတာကိုယ်တိုင်မှပဲသိမယ်ခင်ဗျ... ဟုတ်တယ်ဟုတ်.....

စင်္ကာပူမှာ ၂၀၁၀ စက်တင်ဘာလအထိ တရားဝင်မှတ်ပုံတင်ထားတဲ့ပါတီပေါင်း ၂၈ ပါတီရှိပါတယ် အဲဒီပါတီတွေက ၂၀၁၁ မေလ ၇ရက်နေ့မှာကျင်းပတဲ့ စင်္ကာပူ ပါလီမန် ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဘို့ မှတ်ပုံတင်ခဲ့တယ်ဆိုပေမဲ့  ပါလီမန်အမတ်နေရာ ၈၇ နေရာအတွက် ပါတီ ၇ခုကသာ
ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး လက်ရှိအာဏာရ People's Action Party (PAP) ကအမတ်နေရာ ၈၁နေရာရခဲ့ပြီး အလုပ်သမားပါတီက ၆နေရာရယူ
သွားပါတယ်ခင်ဗျာ.....

၁၉၆၅ ခုနှစ်မှာ စင်္ကာပူနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၆၈ခုနှစ်ကနေ ၄နှစ်တကြိမ် ကျင်းပခဲ့တဲ့ ပါလီမန်ရွေးကောက်ပွဲတိုင်းမှာ PAP ပါတီဟာ ပြိုင်ဘက်ပါတီ
တွေအပေါ် အမြဲတန်းအနိုင်ရနေခဲ့လို့ တပါတီ စံနစ်ပါပဲလို့မှတ်ယူလို့မရပါ ..နောက်ပြီးသူတို့က မဲလိမ် မဲခိုး ကြိုတင်မဲတွေကြောင့် နိုင်တာမဟုတ်ပဲ
သူ့တိုင်းပြည်ကပြည်သူတွေရဲ့ ယုံကြည် ထောက်ခံလို့သာအနိုင်ရခဲ့တာဆိုတာလဲ ကြက်ဆူသူဌေးမင်းမှတ်သားစေချင်ပါတယ်ခင်ဗျား.....

အင်တာဗျူးထဲမှာ သူ့ရဲ့ အစာမကြေတဲ့အသံကိုဖတ်မိတယ်ခင်ဗျ ..စီးပွားရေးပိတ်ဆို့မှုပြုထားတဲ့အပေါ်လဲ အတော်ကြီးမကျေမနပ်ဖြစ်နေပုံရပါတယ်
စီးပွားရေးပိတ်ဆို့ထားလို့ရွှေနိုင်ငံက သဘာဝအရင်းအမြစ်တွေ ကို စိန့်တိုင်းပြည်ကိုပဲအောက်ဈေးနဲ့ရောင်းနေရတာကို သူအစာမကြဖြစ်နေရတယ်တဲ့
ဒီကြားထဲ သူနဲ့ စီးပွားပြိုင်ဘက်တယောက်က စိန့်တိုင်းပြည် အစိုးရအဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးကောင်းပြီး ကြက်ဆူအစိုးရနဲ့
စိန့်တိုင်းပြည်တို့ကို ကြားပွဲစားလုပ်ပေးနေတဲ့အပေါ်လဲ မရှုစမ့်နိုင်ဖြစ်နေပါတယ်ခင်ဗျား.....

မနာလိုမရှုစိမ့်နိုင်တဲ့အတွက်ကြောင့် စိန့်နိုင်ငံသားတွေဟာ ရွှေနိုင်ငံတော်မှာ နိုင်ငံသားခံယူပြီးသူတို့ကအချမ်းသာဆုံးလို့ဆိုပေမဲ့သူတို့တွေက ရွှေနိုင်ငံ
သားတွေမဟုတ်ဘူးဆိုတဲ့ ရူးကြောင်ကြောင် စကားတွေကိုလဲပြောနေပါပကော..ဥစ္စာရူးလို့ခေါ်မလား ဘ၀င်မြင့်ရူးလို့ခေါ်ရမလား ဘယ်လိုနာမည်တပ်
ရမှန်းမသိပေမဲ့ ရူးနေတာကတော့အမှန်ပါပဲခင်ဗျား.....

နောက်ထပ်မှတ်သားစရာစကားက ပြီးခဲ့တဲ့နှစ်တွေတုန်းက စိတ်ပေါက်ပေါက်နဲ့ ရွှေနိုင်ငံသားဘ၀ကနေ အခြားနိုင်ငံသားအဖြစ်ကိုခံယူချင်တဲ့စိတ်ရှိခဲ့
လေတော့ သူ့ရဲ့အဖေက မင်းနိုင်ငံခြားသွားရင် မင်းအခု ကြွယ်ဝမှုတွေကြောင့် အခြားနိုင်ငံတွေကပိုပြီးချမ်းသာလာလိမ့်မယ် ကိုယ့်နိုင်ငံကချမ်းသာ
လာမှာမဟုတ်ဘူးဆိုပဲ ..ရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော ဆိုသလို ရယ်လိုက်ရတာဗျာ ဘယ်သူ့ကြောင့်ဘယ်သူကချမ်းသာရသလဲဆိုတာကို အားလုံးအသိပါပဲဗျာ ..အေးပေါ့လေ အရူးဆိုတော့လဲ
ပြောချင်ရာပြောလေမပေါ့.. .မဟုတ်ဘူးလား.....

တကယ်ဆိုရင် ၈၈ အရေးအခင်းကြောင့် မဆလစံနစ်ကျဆုံးပြီး ပွင့်လင်းလာတဲ့ ပေါင်းစား အခွင့်အရေးအတွက် ကြက်ဆူအုပ်စုကိုချဉ်းကပ်လို့ ရရှိခဲ့တဲ့
လုပ်ပိုင်ခွင့်တွေနဲ့  ရွှေနိုင်ငံကသယံဇာတအသီးအပွင့်တွေကိုရောင်းစားပြီး  သူ့ကိုအခုလိုချမ်းသာအောင် လုပ်ပေးတဲ့ကြက်ဆူအုပ်စုက သူ့အတွက်ကောင်းတယ်လို့ ရင့်သီးစွာပြောနေမဲ့အစား ...သူကုဋေကြွယ် သူဌေးကြီးဖြစ်လာပြီးတဲ့နောက်အများအကျိုးအတွက် အလှူဒါနကြီးများ ပြုသူ
ဖြစ်ဘို့မျှော်လင့်ထားပါတယ်ဆိုတဲ့အတိုင်း ဘယ်အချိန်ကျမှ သူ့ရဲ့မျှော်လင့်ချက်ကို ရွှေနိုင်ငံကပြည်သူတွေအတွက် အကောင်အထည်ဖေါ်ရပ်တည်မှာလဲ
ဆိုတာ ရွှေမြိုင်အောင်တို့ စောင့်ကြည့်ရဦးမှာပါခင်ဗျား .....

(ရွှေမြိုင်အောင်)
.................................................

No comments:

Post a Comment