Saturday, December 31, 2011

နားလေတဲ့ငှက် ပြန်သွားတော့ဟင်းဖြစ်ရသည်

ပြီးခဲ့တဲ့လပိုင်းတွေက ရွှေနိုင်ငံတော်ကြီးမှာ တရားဝင်ခွင့်ပြုချက်နဲ့မဟုတ်ပေမဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ဒေါ်လာငွေလဲနှုန်းတွေဟာ ရွှေနိုင်ငံတော်သုံး
ကျပ်ငွေ ၇၀၀ ကိုတစ်ဒေါ်လာဈေးဖြစ်ခဲ့ပါတယ် ..ဒေါ်လာဈေးကမောက်ကမဖြစ်တဲ့အကျိုးကို နိုင်ငံခြားတိုင်းပြည်မှာ အလုပ်သွားလုပ်ပြီး ရွှေနိုင်ငံက
မိသားစုထံငွေပို့ ပေးနေသူများအပါအ၀င် အောက်ခြေနဲ့ အလယ်အလတ်ပြည်သူတွေသာမက ကုန်သည်တွေလဲစီးပွားရေးမှာတွက်ခြေမကိုက် ဖြစ်ကုန်
ကြတယ်ဆိုတဲ့အသံတွေထွက်လာပါတယ်ခင်ဗျာ.....

ကြက်ဆူအုပ်စုရဲ့တတ်သိပညာရှင်တွေက ဒေါ်လာငွေဝယ်လိုအားကျလို့ဖြစ်ရတာဆိုပြီး သုံးသပ်လို့အဖြေထုတ်ပေးကြပါတယ်ခင်ဗျ.. ကဲ..ဒီတော့ဒေါ်လာ
ဝယ်လိုအားတတ်အောင် ရွှေနိုင်ငံတော်ကြီးမှာ ရှိတဲ့ ကားအို အက္ခရာအို မော်တော်ကားအဟောင်းပိုင်ရှင်တွေကို ကားအိုကားဟောင်းတွေနေရာမှာ မော်တော်ကား
အသစ်တွေကို နိုင်ငံခြားကနေတင်သွင်းဘို့ ခွင့်ပြုလိုက်တယ်တဲ့ခင်ဗျာ.....

ကားရဲ့သက်တမ်းအနှစ် ၄၀ကျော်ကနေ အနှစ် ၂၀အထိ ရှိတဲ့အိမ်စီးကားတွေကို ၂၀၁၁ စက်တင်ဘာလ ၁၉ရက်ကနေ ၂၀၁၂ မတ်လအထိ လဲလှယ်ရန်တင်
သွင်းခွင့်ပြုကာလအဖြစ် သတ်မှတ်ကာ စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ခဲ့တယ်ခင်ဗျ ..အိမ်သုံးကားတစီးရဲ့တန်ဘိုးကို ဒေါ်လာ ၃၅၀၀ ထက်မပို
တဲ့ကားသာသွင်းခွင့်ပြုမယ်လို့ တန်ဘိုးသတ်မှတ်ပေးခဲ့ပါတယ်ခင်ဗျား.....

ကားသွင်းမယ်ဆိုရင် ယာယီမှတ်ပုံတင်ကြေးက ကားတန်ဘိုးရဲ့ ၁၀၀%  ပေးသွင်းရပါမယ် ..ဒေါ်လာ ၃၅၀၀ တန်ကားသွင်းရင် ယာယီမှတ်ပုံတင်ကြေး ဒေါ်လာ
၃၅၀၀ ကိုကြက်ဆူအစိုးရရဲ့ဘဏ်ထဲကိုအရင်ထည့်ပေးရမယ်လို့ဆိုလိုတာပါခင်ဗျ.. နိုင်ငံခြားတိုင်းပြည်ကနေ ရွှေနိုင်ငံတော်ကြီးဆီ အဲဒီကားရောက်လာပြီ
ဆိုရင် အကောက်ခွန်က ၄၀%နဲ့ ကုန်သွယ်လုပ်ငန်းခွန် ၂၅% ထပ်ကောက်ဦးမှာဖြစ်ပါတယ်တဲ့ခင်ဗျား.....

ဒါဆိုရင်ကားရဲ့တန်ဘိုးရယ် မှတ်ပုံတင်ကြေးရယ် အခွန် ၂ရပ်ရယ်ကိုပေါင်းလိုက်ရင်  ကားတစီးဟာ ဒေါ်လာ ၉၆၂၅ ကျသင့်နေပါပြီ နိုင်ငံခြားတိုင်းပြည်ကနေ
ရွှေနိုင်ငံတော်ကြီးကိုရောက်လာဘို့အတွက် ကားဟာ သင်္ဘောစီးရဦးမှာ မဟုတ်လားခင်ဗျာ ကားတစ်စီးရဲ့သင်္ဘောစီးခက ဒေါ်လာ ၂၅၀၀ ရှိပါတယ်တဲ့ ..
ဒါဆိုရင် နိုင်ငံခြားမှာ ဒေါ်လာ ၃၅၀၀ တန်ဘိုးရှိတဲ့ကားဟောင်းတစီးဟာ ရွှေနိုင်ငံတော်ကြီးကိုရောက်ရင် ဒေါ်လာ ၁၂၁၂၅ တန်ဘိုးရှိသွားမှာဖြစ်သလို
ကြက်ဆူအစိုးရရဲ့ ဘဏ်တိုက်ထဲကို ဒေါ်လာ ၆၁၂၅ ရောက်လို့သွားမှာပါခင်ဗျား.....

ရွှေနိုင်ငံတော်မှာ ကားတင်သွင်းခွင့်ပါမစ်ရတယ်ဆိုရင် မဟာကံထူးရှင်လို့ထင်မှတ်နေကြပါပြီကော  နိုင်ငံခြားမှာအလုပ်ထွက်လုပ်တဲ့သူတွေ သင်္ဘောသားတွေ
ပြည်တွင်းကဒေါ်လာစားတွေကားတင်သွင်းခွင့်မရတော့တာ ၁၉၉၇ ၀န်းကျင်လောက်ကတည်းကပါခင်ဗျ ကြက်ဆူအုပ်စု ကြီးစိုးတဲ့ ဦးမောင်ပိုင်စီးလီမီတက်
ကနေ ပုံစံအမျိုးမျိုး အကြောင်းအမျိုးမျိုးနဲ့ ကားတွေကိုတင်သွင်းခဲ့ကြသလို ကြက်ဆူအုပ်စုနဲ့ အလျဉ်းသင့်သူတွေတွေကလည်း ပါမစ်ရလို့ ကားသွင်းလဲ့ကြ
ပါတယ်ခင်ဗျား.....

ဒါပေမဲ့ ၂၀၀၃ ခုနှစ်ရဲ့ မေလ ထဲ ရွှေဂုန်မြို့တော်မှာပြုလုပ်တဲ့ ရွှေနိုင်ငံထုတ်ကားပြပွဲ လုပ်တဲ့အချိန်ကစလို့ အဲဒီအချိန်က ကြက်ဆူအိမ်ရှေ့စံကိုယ်တော်ကြီး
အမိန့်နဲ့ နိုင်ငံခြားကကားတင်သွင်းခွင့်ကိုပိတ်လိုက်ပြီး ရွှေနိုင်ငံကစက်မှုဇုန်ထုတ်ကားတွေကိုသာရောင်းချဘို့ သတ်မှတ်ပေးခဲ့ပါတယ် ဥပဒေကဲ့သို့ အာဏာ
တည်စေသောအမိန့်နဲ့ပေါ့ခင်ဗျား.....

ဘာပဲပြောပြောပေါ့ခင်ဗျာ ရွှေနိုင်ငံတော်ကနေကားတွေ ထုတ်နိုင်ပြီဆိုတော့ နည်းပညာတွေတိုးတက်လာပြီ ပေါ့နော် ပြည်တွင်းက၀ယ်လို
အားတွေကိုဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် နိုင်ငံခြားငွေထွက်ပေါက်ကိုအတိုင်းအတာတခုအားဖြင့်ပိတ်နိုင်မယ်ဆိုကောင်းတာပေါ့ ..ကောင်း
တာကိုလုပ်တဲ့အတွက် ရွှေမြိုင်အောင် အားပေးပါတယ် ..ဒီလိုနဲ့ပဲ စက်မှုဇုန်ထုတ်ကားတွေ အကြောင်းကို ရွှေမြိုင်အောင် ကြိုးစားရှာဖွေ
စပ်စုပါတော့တယ်ခင်ဗျာ.....

စပ်စုတော့ကြားရတဲ့ သတင်းတွေကမကောင်းဘူး စက်မှုဇုန်တခုက တိုယိုတာ ဗင်အမျိုးအစား ၁၉၉၄မော်ဒယ်ကားတွေ (ရွှေနိုင်ငံ အခေါ်
အဝေါ်က အဲဒီကားကို ဖင်ကောက်လို့ခေါ်ပါတယ်) အဲဒီဖင်ကောက်ကားကို ကားရဲ့ယာဉ်မောင်းအနောက်ပိုင်းထိုင်ခုံနေရာကနေ စလို့ အပေါ်က
အမိုးပိုင်းရယ် ပြူတင်းပေါက်မှန်နေရာအထိရယ်ဖြတ်ပြီး စက်မှုဇုန်ထုတ်ပစ်ကပ် လုပ်ပါသတဲ့ "ဖင်ကောက်ဖင်ဖြတ် ဇုန်ပစ်ကပ်" လို့ခေါ်ကြောင်း
ကြားလိုက်ရပါတယ်ခင်ဗျား.....

ရွှေမြိုင်အောင်လဲဆက်လက် စုံစမ်းလိုက်တာ တနေ့တော့ရွှေနိုင်ငံထုတ် သတင်းစာထဲမှာ စက်မှုဇုန်ထုတ် ကားပြပွဲဆောင်းပါးကိုဖတ်လိုက်ရ
တယ်ခင်ဗျ ..ရွှေမြိုင်အောင်တို့ မော်လမြိုင်စက်မှုဇုန်ကထုတ်တဲ့ မွန်ကပ်ဟာအကောင်းဆုံး ပစ်ကပ်ပုံစံဆုကိုရတယ်ဆိုပဲဗျ..ဂုဏ်ယူတာပေါ့ခင်ဗျာ
ကိုယ့်အရပ်ကိုယ့်ဒေသအတွက်ဂုဏ်ယူပါတယ် ..ဟိုးအရင်က မွန်ပြည်နယ်က "မိတ်အင်ရွာလွတ်" ဆေးတံကို အင်္ဂလိပ်တိုင်းပြည်မှာ တန်ဘိုး
ကြီးစွာနဲ့ရောင်းတဲ့အကြောင်းကြားရတုန်းကဂုဏ်ယူခဲ့သလိုပါပဲခင်ဗျား.....

ဂုဏ်ယူရင်းနဲ့ ဆောင်းပါးကိုဆက်ဖတ်ကြည့်ပါတယ် မွန်ပစ်ကပ်ထုတ်တဲ့စက်မှုဇုန်တာဝန်ခံကို နိုင်ငံခြားသတင်းထောက်က "ကားရဲ့ ဆေးသား
ဒီလောက်ကောင်းပြီးကြွေရောင်ထအောင် ဘယ်လိုပေါင်းခံစက်မျိုးနဲ့ ဘယ်လိုနည်းကို သုံးပါသလဲ "ဆိုတော့ ကျွန်တော်တို့ကမိရိုးဖလာနည်းအတိုင်း ဆေးကို
အထပ်ထပ်ပုတ်ပြီးသုတ်တဲ့နည်းကိုသုံးပါတယ်တဲ့ခင်ဗျား.....

ရှက်စရာကောင်းလိုက်တာဗျာ ရွှေမြိုင်အောင်အတော်ကိုရှက်မိပါရဲ့ ဆေးကိုပုတ် သုတ်ရင်ဆေးအလိုက်မကောင်းသလို ကြွေရောင်လဲမထပါခင်ဗျာ.....
အရမ်းကို မိရိုးဖလာဆန်ကြောင်း ကြွားချင်တော့  ...နဂိုထဲကမှမလုံတာတွေ ပေါ်ကုန်ရောဗျို့ .....

ရွှေနိုင်ငံရဲ့စက်မှုဇုန်ထုတ်ကားတွေ ထဲမှာဂျှပန်က ပါဂျဲရိုးကားတွေလဲပါရဲ့ ဗျာ ..ပါဂျဲရိုးတ့ဆိပ်တွေခွာ စက်မှုဇုန်တံဆိပ်တွေကပ်နဲ့ သူ့ဟာနဲ့သူ လုပ်ချင်သလိုလုပ်စားနေကြတာ ..ဟောအခုတခါ ဂျပန်ထုတ်တဲ့ကားတမျိုးဖြစ်တဲ့ စူပါကပ်စတန် ကားတွေကို
နယ်စပ်ကနေသွင်းပြီး စက်မှုဇုန်ကထုတ်တာပါလို့ခပ်တည်တည် စာရင်းပြကာ ကားလိုင်စင်လျှောက်တယ်တဲ့ခင်ဗျ ..ဒီလိုမျိုးလုပ်နိုင်တာကလဲ ကြက်ဆူ
အုပ်စုထဲက ဆိုင်ရာဆိုင်ရာ တွေသာလုပ်နိုင်ကြတာလေ .. ဟုတ်တယ်ဟုတ်.....

နောက်ဆုံးအဝေအစားမမျှလို့နဲ့တူပါရဲ့ ..စက်မှုဇုန်ထုတ်ကား ၇၆၆ စီးကို စည်းကမ်းသတ်မှတ်ချက်နဲ့ကိုက်ညီမှုမရှိဘူးဆိုပြီး ဒါဏ်ငွေရိုက်ပါတယ်
ဒဏ်ကြေးကျသင့်ငွေကို ဒေါ်လာငွေနဲ့ ပေးချေရန်အမိန့်ထုတ်ခဲ့ပါတယ် ခင်ဗျ ..ကားတစီးအတွက် အနိမ့်ဆုံးဒဏ်ကြေးက ဒေါ်လာ ၁၃၀၀၀/ ဖြစ်ပြီး
အမြင့်ဆုံးက ဒေါ်လာ ၂သောင်းဒဏ်ကြေးဆိုတော့...ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ဈေးကွက်ထဲမှာဝယ်လိုအားတက်လာမှာဖြစ်တဲ့အပြင်
ကြက်ဆူအုပ်စုရဲ့ ဘဏ်တိုက်ထဲကို အဲဒီဒေါ်လာတွေက အလိုလိုဝင်ရောက်သွားမှာဖြစ်ပါတယ်ခင်ဗျား.....

ကြက်ဆူအုပ်စုကတော့ကားတစီးတည်ဆောက်တာ လွယ်ကူမှာပါ တံဆိတ်ကလေးကပ်ခွာလုပ်ရုံကလေး လို့ထင်နေကြတာကိုးခင်ဗျ ..ရွှေမြိုင်အောင်
စပ်စုမိသလောက် ကားတစီးမှာဆိုရင်အင်ဂျင်ခန်းကအစ လူထိုင်တဲ့ထိုင်ခုံအဆုံး တိုလီမိုလီအစိတ်အပိုင်းအားလုံးပေါင်း ၂သောင်းကျော်ရှိပါတယ်
ပစ်ကပ်ကားဆိုရင်တောင်မှ အစိတ်အပိုင်းပေါင်း ၁သောင်း ၇ထောင်ဝန်းကျင်ရှိပါတယ်ခင်ဗျား.....

ဒီလိုများပြားလှတဲ့ကားတစီးရဲ့ အစိတ်အပိုင်းတွေထဲကမှ ရွှေနိုင်ငံကြီးမှာ ဘယ်လောက်ရာခိုင်နှုန်း ကိုယ်တိုင်ထုတ်နိုင်လို့  စက်မှုဇုန် ကားထုတ်လုပ်ရေး
ဆိုပြီး ဆိုင်းဘုတ်တွေချိတ်ဆွဲထားသလဲလို့ ရွှေမြိုင်အောင်မေးချင်ပါတယ်ခင်ဗျား .....

အခုလဲလာပြန်ပြီ နောက်တမျိုး ..ရွှေနိုင်ငံတော်ကြီးမှာ လောင်စာစွမ်းအင်မသုံးပဲ ပြန်လည်အားဖြည့်လျှပ်စစ်စွမ်းအင်သုံးမဲ့ လျှပ်စစ်ကားဆိုတာကို
ဈေးကွက်ထဲရေင်းနိုင်အောင်ထုတ်တော့မယ်တဲ့ခင်ဗျ ..တတန်ထရပ်နဲ့ ၆ယောက်စီး ၀က်ဂွန်ကားတွေကို တရုတ်နဲ့ အမေရိကန်နိုင်ငံက ယာဉ်ကိုယ်
ထည်တွေနဲ့ လျှပ်စစ်ဆိုင်ရာနည်းပညာရပ်တွေကိုရယူပြီး လုပ်ဆောင်နေပါသတဲ့ ..အဲဒီလျှပ်စစ်စွမ်းအင်သုံးကားတွေကို တစီးလျှင်ကျပ်သိန်း ၈၀နှုန်းနဲ့
ရောင်းပေးမယ်လို့ဆိုပါတယ်ခင်ဗျား .....

ဂျပန်နိုင်ငံမှာ လျှပ်စစ်စွမ်းအင်သီးသန့်အသုံးပြုပြီး မောင်းနိုင်မဲ့ကားကိုတီထွင်နေပြီး ရွှေနိုင်ငံသုံးကျပ်ငွေ သိန်း ၁၅၀နဲ့ညီမျှတဲ့ ဂျပန်ယန်းငွေနဲ့ ရောင်း
မယ်လို့ကြော်ငြာထဲမှာတွေ့လိုက်ရတယ်ခင်ဗျ ..ရွှေနိုင်ငံကသတင်းနဲ့ ဂျပန်ကကြော်ါငြာ ၂ခုကို တွေ့ပြီးတဲ့အခါ ရွှေမြိုင်အောင် တယောက် စဉ်းစားခန်း
စဖွင့်ပါတယ်ခင်ဗျ ..ရွှေနိုင်ငံတော်ကြီးကနေ ကျပ်သိန်း ၈၀ တန်ကားကို နိပွန်နိုင်ငံကိုတင်သွင်းရောင်းချလို့ရရင် ပေါ့နော် .....

ရခဲ့ရင်တော့ အခုသူများဆီမှာ "ဘိုင်တို " လို့ဂျပန်လိုခေါ်တဲ့ အချိန်ပိုင်းလုပ်နေတာထက်ပိုပြီး အကျိုးအမြတ်ရ နိုင်မယ်လို့ယူဆတယ်ပေါ့ဗျာ ..ဒါဆိုရင်
ရွှေနိုင်ငံတော်ကြီးကိုပြန်ပြီး ပေါင်းစားရင်တော့ ကိုက်မယ်လို့စဉ်းစားမိပါတယ်ခင်ဗျား .....

ရွှေမြိုင်အောင် စဉ်းစားခန်းဖွင့်နေတဲ့အချိန် ကြက်ဆူသမတမင်း ကလဲ အကြောင်းကြောင်းကြောင့် ရွှေနိုင်ငံပြင်ပရောက်နေသူရွှေ တွေအနေနဲ့ ပြည်တော်
ပြန်ဝင်မယ်ဆိုရင် စဉ်းစားပေးမယ်ဆိုတော့ ရွှေမြိုင်အောင်ရဲ့ စဉ်းစားခန်းလေးဟာ ရုပ်လုံးပိုပေါ်လာပြီး အိပ်မက်မက် ဖို့ပိုကောင်းလာခဲ့ပါတယ်ခင်ဗျား .....

ရွှေမြိုင်အောင်ပြည်တော်ပြန်ဘို့ စဉ်းစားတယ်ဆိုလို့ နှာခေါင်းရှုံ့ချင်ကြတယ်လား ... ပြည်တော်ပြန်ခဲ့တဲ့ သမိုင်းဟာ ဂျပန်မှာယခင်ကတည်းကရှိခဲ့ပါ
သော်ကောခင်ဗျာ ..ဂျပန်ရှိမြန်မာ့အဖွဲ့အစည်း (B A I J ) ရဲ့ဥက္ကဌ နဲ့အထွေထွေအတွင်းရေးမှူးရာထူးရှိသူတို့ဟာ ၁၉၉၂ ခုနှစ်က ဂျပန်နိုင်ငံမှ
ဒုက္ခဿည်အဖြစ်အသိအမှတ်ပြုခံခဲ့ရပြီး ကြက်ဆူထောက်လှမ်းရေးတပ်ရဲ့ ရင်ငွေ့ကိုခိုလှုံဘို့အတွက် ၁၉၉၈ မှာပြည်တော်ကိုပြန်ဝင်သွားခဲ့ပါတယ်ခင်ဗျား.....

ပြန်ဝင်သွားတဲ့အကြောင်းပြချက်ကတော့ သမီး ၂ယောက်ကိုမတွေ့ရတာ ၁၀နှစ်ကြာနေပြီဖြစ်လို့ပါတဲ့ခင်ဗျား..  ရွှေနိုင်ငံတော်ကြီးကို ပြန်ရောက်ပြီးမှ 
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သွယ်ဝိုက်ပြီးဆော်ပလော်တီးတဲ့ဆောင်းပါးကို ရွှေနိုင်ငံထုတ် သတင်းစာတွေထဲမှာ ရေးခဲ့ပါတယ်
အဲဒီလိုရေးခဲ့တဲ့အတွက် ကြက်ဆူအုပ်စုထံကဘယ်လိုအကျိုး အမြတ်နဲ့ လုပ်ပိုင်ခွင့်တွေရခဲ့တယ်ဆိုတာ ကာယကံရှင်တွေသာအသိဆုံးဖြစ်မှာဖြစ်သလို
အဲဒီအခွင့်အရေးတွေကိုဘယ်အချိန် ဘယ်ကာလအထိ ရခဲ့တယ်ဆိုတာကိုလဲ ကာယကံရှင်တွေ သာပိုသိမှာပါခင်ဗျား.....

ထိုင်နေရင်အကောင်းသား ထသွားမှကျိုးမှန်းသိ လို့ မဆိုချင်ပါ ပျံလေတဲ့ငှက်ခါး နားမှမှားမှန်းသိ လို့လဲမပြောရက်ပါခင်ဗျား ..သူ့ပိုင်နက်ထဲရောက်သွား
ပြီးမှတော့အချိန်မရွေး အိမ်တံခါးလာခေါက်နိုင်ခွင့် သူတို့မှာရှိပြီးသားမဟုတ်လား ..တရားဥပဒေစိုးမိုးမှုဆိုတာလဲ  ရွှေနိုင်ငံကဗီဒီယို တိတ်ခွေတွေ ဗီစီဒီ
အခွေတွေရဲ့အစမှာသာ မြင်ရတွေ့ရတာဆိုတော့ ပြည်တော်ပြန်ဝင်မယ်ဆိုရင် "နားလေတဲ့ငှက်  ပြန်သွားတော့ဟင်းဖြစ်ရတတ်သည်" ဆိုတဲ့စာသား
လေးကိုမှတ်သွားစေချင်ပါရဲ့ ခင်ဗျား.....

(ရွှေမြိုင်အောင်)

No comments:

Post a Comment