Sunday, March 13, 2011

အစ်ကိုကြီးလို့ပဲဆက်၍ခေါ်စေဗျား

ဂျပန်နိုင်ငံရဲ့ လက်ရှိအာဏာရ ဂျပန်ဒီမိုကရက်တစ်ပါတီ အစိုးရသစ်ဖွဲ့ခဲ့တာ ၁၈လ မရှိသေးပေမဲ့ အပြောင်းအလဲ
တွေကတော်တော်များပါတယ် ..ပါတီအတွင်းမှာရော အစိုးရအဖွဲ့ ၀န်ကြီးချုပ်ရာထူးအပါအ၀င် ရာထူးတွေ ထုတ်..
ရွှေ့..ထွက်..တွေကြားရတယ်ခင်ဗျ .....

အဲဒီထဲမှာမှ ဂျပန်မှာဒုက္ခသည်တွေ နိုင်ငံခြားသားတွေအနေနဲ့ ကင်းဝေးလို့မရတဲ့ လ၀က ရဲ့တရားရေးဝန်ကြီး
ဌာန က ၀န်ကြီးအပြောင်းအလဲ အများဆုံးလို့ဆိုရမှာပါ ..လက်ရှိအစိုးရလက်ထက်မှာပထမဦးဆုံးတရားရေးဝန်ကြီးက
Chiba Eiko ဆိုတဲ့အန်တီကြီးပါ ..အန်တီကြီးကအထက်လွှတ်တော်ရွေးကောက်ပွဲမှာရှုံးနိမ့်ခဲ့လို့ ရာထူးကနေ
ဖယ်ရှားခံခဲ့ရပါတယ် .....

အန်တီကြီးရဲ့နောက်မှာတော့ Yanagida ဆိုတဲ့ အန်ကယ်တယောက် ကတရားရေးဝန်ကြီးလုပ်ပါတယ် ..အဲဒီ
အန်ကယ်ကြီးကလဲ ပါးစပ်က မဆိုင်တာတွေကို ပေါက်ပေါက် ဖေါက်လို့ ၂၀၁၀ နိုဝင်ဘာလကထွက်စာတင်
ခိုင်းတာကိုခံရပြီး ၀န်ကြီးရာထူးကနေ “ဆာယိုးနာရ ”ဖြစ်သွားခဲ့ပြန်ပါရော .....

အဲဒီအန်ကယ်ကြီးရဲ့ တရားရေးဝန်ကြီးတာဝန်ကို အစိုးရအဖွဲ့အတွင်းဝန်  Sengoku က တာဝန်ယူခဲ့ပြန်ပါတယ်..
အတိုက်အခံပါတီတွေဘက်က  ဖိအားပေးတဲ့အတွက်ကြောင့် ရာထူးကနေဆင်းပေးခဲ့ရပြီး ..လက်ရှိတာဝန်ထမ်း
ဆောင်နေတဲ့တရားရေးဝန်ကြီးကတော့ Satsuki Eda ဆိုသူဖြစ်ပါတယ်ခင်ဗျာ .....

လက်ရှိအာဏာရပါတီရဲ့အစိုးရအဖွဲ့ဟာ  ရွေးကောက်ပွဲအကြိုကာလ စည်းရုံးရေးဆင်းစဉ်က ပေးထားတဲ့ကတိ
တွေအတိုင်းမလုပ်လို့ကြိုက်နှစ်သက်သူနဲနေချိန်မှာ တရားရေးဝန်ကြီးဌာနကတော့ လက်ရှိဗီဇာသက်တမ်းမကုန်မီ
ဒုက္ခသည်အဖြစ်အသိအမှတ်ပြုဘို့ လျှောက်ထားသူတွေကို  လျှောက်ထားဆဲကာလမှာ အရင်ကလို သုံးလလျှင်တစ်
ကြိမ် တို့ တစ်လလျှင်တစ်ကြိမ်တို့ ဗီဇာသက်တမ်းတိုးစရာမလိုတော့ပဲ ၆လသက်တမ်းရှိဗီဇာတွေထုတ်ပေးလိုက်
တာကို ကောင်းသောအချက်တခုအနေနဲ့တွေ့ရပါတယ် ...လက်ခုပ်တီးပြီးအားပေးပါတယ်ခင်ဗျား.....

ဂျပန်တိုင်းပြည်မှာမှီခိုနေထိုင်နေတော့လဲ ဂျပန်နိုင်ငံရဲ့အခြေအနေတွေကို နဲနဲပါးပါးလောက်တော့ မျက်စိဖွင့် နားစွင့်
ဖတ်ရှုလေ့လာထားရတာပေါ့ခင်ဗျာ ...တိုင်းပြည်တပြည်ရဲ့သဘောထားဆိုတာ သူ့လူမျိုးကိုထိလာတဲ့အချိန်မှာ
သရုပ်မှန်ပေါ်တတ်ပါတယ် ..ပြည်သူ့သဘောထားဆိုပြီး ၀ါဒဖြန့်စာတွေ ရေးနေ အော်နေ ဆိုင်းဘုတ်ထောင်နေစရာ
မလိုပါခင်ဗျား .....

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကအဖြစ်အပျက် ၂ခုကိုမှတ်မိတဲ့လူတွေလဲရှိနိုင်မှာပါ ....၁၉၉၉ အောက်တိုဘာလက
ဘန်ကောက်မှာရှိတဲ့မြန်မာသံရုံးကို  AK 47 ကိုင်ဆောင်ထားတဲ့ မြန်မာလူမျိုး ၅ဦးက ၀င်စီးပြီး သံရုံးဝန်ထမ်း ၁၈
ယောက်ရယ် သံရုံးကိုလာတဲ့နိုင်ငံခြားသား အချို့ကိုပြန်ပေးဆွဲခဲ့ပါတယ် .....

ထိုင်းအာဏာပိုင်တွေရဲ့ ညှိနှိုင်းပေးမှုကြောင့် ဓါးစာခံတွေကိုပြန်လွှတ်ပေးခဲ့ပြီး ၀င်စီးခဲ့သူတွေကို ထိုင်းမြန်မာနယ်စပ်က
သူတို့ရဲ့တပ်စခန်းနားအထိ ရဟတ်ယာဉ်နဲ့ပြန်ပို့ပေးခဲ့ပါတယ် ..အဲဒီတုန်းက သံရုံးကပြန်လွတ်လာသူ ဓါးစာခံ
နိုင်ငံခြားသားတွေရဲံ့နဖူးမှာ ကျောင်းသားတပ်မတော်ရဲ့အထိမ်းအမှတ် ပုဝါနီတွေဝတ်ဆင်ပြီးထွက်လာခဲ့ကြပါတယ် .....အဲဒီလို ထိုင်းအာဏာပိုင်တွေရဲ့ညင်သာပျော့ပြောင်းစွာ ကိုင်တွယ်ခဲ့တာကို အခွင့်ကောင်းယုပြီး သက္ကရာဇ်
၂၀၀၀ ပြည့်နှစ် ဇန္န၀ါရီလထဲမှာ ထိုင်းနိုင်ငံထဲမှာပဲ Ratcha buri ဆေးရုံကို  တိုင်းရင်းသားလူမျိုးစုတွေရဲ့
God's Army အဖွဲ့ လက်နက်ကိုင်လူ ၁၀ဦးက  ဆေးရုံထဲမှာရှိတဲ့ လူနာတွေ.. ၀န်ထမ်းတွေ  စုစုပေါင်း
အယောက် ၁၀၀ကျော် ၂၀၀လောက်ကို ပြန်ပေးဆွဲခဲ့ကြပြန်ပါတယ် .....

ဒီတခါတော့သူ့လူမျိုးကိုထိပါးလာပြီဖြစ်တဲ့အထွက် ထိုင်းအာဏာပိုင်တွေက ညင်ညင် သာသာ ပျော့ပျော့
ပြောင်းပြောင်း မကိုင်တွယ်တော့ပါဘူး အကြမ်းဖက်နှိမ်နင်းရေး အထူးကွန်မန်ဒိုတွေနဲ့  အင်အားသုံးပြီး
၁၀ယောက်စလုံးကိုပစ်သတ်လိုက်ပါတယ် ..လက်နက်ချ အညံ့ခံပါတယ်ဆိုတဲ့ သူတွေကိုပါ ပစ်သတ် တာနော်
 ဇယားအရှုပ်မခံဘူး ..သွားထားဂုံနီအိတ်ထဲကို .. စာရင်းပိတ် ..မှတ်ကရောပဲ .....

ပစ်သတ်ခံရတဲ့အထဲက တယောက်ရဲ့နာမည်က ပီတာလို့ခေါ် သတဲ့ ..၁၉၉၉ အောက်တိုဘာလ ထဲ ဘန်ကောက်
က မြန်မာသံရုံးကို ၀င်စီးတုန်းက ပါခဲ့တဲ့သူဖြစ်ပါတယ်လို့  ထိုင်းက သတင်းထုတ်ပြန်ပါတယ် ...ဒီလောက်ဆို
သဘောထားကိုသိလောက် ရောပေါ့နော် .....

တလောကလဲ မဲဆောက်က UNHCR ရုံးရှေ့မှာ မြန်မာနိုင်ငံသား တဦးလက်ပစ်ဗုံးနဲ့ ဆန္ဒပြခဲ့တာကို ..
သတင်းတွေထဲမှာ တွေ့ရပါတယ် ..ဟိုလိုလုပ်ပါ ..ဒီလိုမလုပ်ပါနဲ့လို့တော့ မပြောလိုပေမဲ့ ..သူတပါးရဲ့ တိုင်း
ပြည်ထဲ သွားပြီး လက်နက်နဲ့ လှုပ်ရှားတာကတော့  ရရှိမဲ့အကျိုးအမြတ်ထက် ပေးရမဲ့ အရင်းအနှီးကပိုများ
တယ်လို့ပဲ ရွှေမြိုင်အောင်ပြောပါရစေခင်ဗျာ .....

ဂျပန်အစိုးရဟာ ၂၀၁၁ ငွေကြေးဘတ်ဂျက်အတွက်ရယ် ..အခွန်တိုးကောက်ဘို့ကိစ္စ ..ဆိုရှယ်ဝဲဖဲလ် ပုံစံပြောင်း
ဘို့ အပါအ၀င် အခြားသောကိစ္စတွေအတွက်  အထက်လွှတ်တော်မှာ ဥပဒေအတည်ပြုပေးရအောင် ..အတိုက်အခံ
ပါတီတွေကို မျက်နှာချိုသွေးနေရလေတော့ ..ဟိုဝန်ကြီးကိုထုတ် ..ဒီခေါင်းဆောင်ကိုဖြုတ် ..ဟောဟိုက၀န်ကြီးကို
နေရာရွှေ့နဲ့ ..ပါတီတွင်းမှာရော အစိုးရအဖွဲ့ထဲမှာပါ “ဖြုတ် ထုတ် ရွှေ့”တွေလုပ်နေပေမဲ့ “ငုတ် တုတ် မမေ့” ပဲ
ကျန်နေတာက ဇာတ်လိုက်ကျော် Ichiro Ozawa ပါပဲခင်ဗျား .....

ပါတီကိုလူထုထောက်ခံမှုတွေပြန်ရလာအောင် ..၂၀၁၁ ဘတ်ဂျက် ကိစ္စ အထက်လွှတ်တော်ရဲ့ ခွင်ပြုချက်ရလာအောင်
ယာလဲညက်စေ ကြက်လဲမောစေ သဘောမျိုးနဲ့ Ozawa ရဲ့ ပါတီရံပုံငွေ လာဘ်စားတဲ့ အမှုတွဲဟောင်း ပေါင်းချုပ်
ကြီးကို သတင်းစားပွဲအရှေ့ကို ပြန်သယ်လာကြ လေတယ်ခင်ဗျ .....

အရင်တုန်ကတော့ ၀န်ကြီးချုပ်ဟောင်း ဟာတိုးယာမရဲ့မျက်နှာ ရယ် ..၂၀၀၉ ရွေးကောက်ပွဲမှာ ပါတီအနိုင်ရအောင်
ကူညီ လုပ်ကိုင်ပေးတဲ့မျက်နှာတွေကို ထောက်ထားအားနာလို့ Ozawa  အပေါ် အစ်ကိုကြီးအရာ နဲ့ ထောက်ထားညှာ
တာမှုတွေရှိခဲ့ပေမဲ့ ..အခုလို ပါတီအကြပ်အတည်းကြုံတွေ့လာရချိန်မှာတော့  အစ်ကိုကြီး မခေါ်နိုင်တော့ပဲ.. ဟေ့
Ozawa အရပ်ဖက်တရားရုံးမှာသွားဝန်ခံမှာလား ..လွှတ်တော်မှာမေးမြန်း စီရင်တာကိုခံမှာလား..လို့ ရာဇာသံပေးလာ
ကြပါတော့တယ် ..ဒါ့အပြင် အတိုက်အခံ ပါတီတွေကိုလဲ Ozawa ကိုဝိုင်းဆုံးမဘို့တိုက်တွန်းမှုတွေလုပ်လာကြရောခင်ဗျား.....

လွှတ်တော်ထဲကိုလာရင် ၀ိုင်းဆုံးမမယ်ဆိုတာကိုသိလို့ Ozawa လွှတ်တော်အစည်းအဝေးမတက်ဘူးခင်ဗျ ..လုပ်ချင်သလို
လုပ် ငါကတော့ အေးဆေးပဲ ဆိုတဲ့ပုံစံမျိုးနဲ့ပါ ..မျက်နှာပြောင်လဲတိုက်ပါ့ .ရွှေနိုင်ငံတော်ကြီးထဲက ကြက်ဆူဘုရင်ကြီး
နဲ့အရမ်းတူတယ်နော် ..မျက်နှာပြောင်တိုက်တာကိုပြောတာလေ ..ဟုတ်တယ်ဟုတ် .....

အခုတော့ အာဏာရအစိုးရခင်မျာ ယာလဲမညက် ကြက်လဲမမောပဲ ..အတိုက်အခံပါတီတွေဖြစ်တဲ့ လစ်ဘရယ်ဒီမို
ကရက်တစ်ပါတီရယ်.. (Sunrise  Party)ဆန်းရေ့ ပါတီရယ်ပူးပေါင်းပြီး အထက်လွှတ်တော်အစည်းအဝေးမှာ
လက်ရှိအစိုးရကိုဖြုတ်ချဘို့ သဘောတူထားကြတယ်ဆိုလို့ ပိုပြီးအကြပ်အတည်းနဲ့ကြုံနေရ တယ်တဲ့ခင်ဗျား.....

မျက်နှာနာစရာလူတွေ ကိုယ့်ရဲ့ အထက်က.. အရှေ့က..ဆရာတွေကိုရှင်းပစ်တဲ့နေရာမှာ ကြက်ဆူဘုရင်ကြီးက
အရမ်းကို ကျွမ်းကျင်တယ်ခင်ဗျ ..ရှင်းပုံရှင်းနည်းက လာဘ်စားတယ် ..အာဏာဖီဆန်တယ် ဆိုပြီးစွဲချက်တင်မယ် ..
ပြီးရင်အမိန့်ထုတ်ပေးလိုက်မယ် ..ဥပဒေကဲ့သို့အာဏာတည်စေသောအမိန့် ..ဒါပဲ ...ဒီအမိန့်နဲ့ပဲ သူ့ရဲ့ရှေ့ကလူ
တွေကိုဖြုတ် ..အတန်းတူတွေကိုဖြုတ်..နောက်တက်လာမဲ့အထဲက သူ့ကိုအာခံနိုင်တယ်လို့ထင်ရသူတွေကိုဖြုတ်..
နဲ့ တဖြုတ်ဖြုတ်လုပ်လာနေဆဲပဲခင်ဗျ .....

၁၉၈၈ အရေးအခင်းနောက်ပိုင်း ..အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ထံ အလည်လာတဲ့ ထိုင်းဝန်ကြီးချုပ်က “၀န်ကြီးချုပ်
လို့ခေါ်ရမှာလား ..သမတ ကြီးလို့ခေါ်ရမှာလား ..ဘယ်လိုခေါ်ရမလဲဆိုတာမသိလို့ ..အစ်ကိုကြီးလို့ပဲခေါ်ပါရစေလို့ ”
ခွင့်တောင်းခဲ့ဘူးပါတယ် .....

ကြက်ဆူဘုရင်ကြီးလဲ ၂၀၁၁လွှတ်တော်မှာ ၀န်ကြီးချုပ်လဲမလုပ်..သမတလဲမလုပ် ပဲ အချိန်မရွေးအာဏာသိမ်းလို့ရမဲ့
ရာထုးကိုပဲဆက်ယူထားမှာဖြစ်တဲ့အတွက်..နောက်ထပ် နိုင်ငံခြားတိုင်းပြည်က ၀န်ကြီးချုပ်တွေ သမတတွေများ
အလည်လာပြီး ဘယ်လိုခေါ်ရမှာလဲလို့မေးလာရင် ..ကြက်ဆူဘုရင်ကြီးက ဇာတ်ပွဲထဲဘုရင်လေသံနဲ့ “အစ်ကိုကြီး
လို့ပဲဆက်၍ခေါ်စေဗျား...”လို့ဖြေလိမ့်မယ်လို့ ရွှေမြိုင်အောင် ထင်မိကြောင်းပါခင်ဗျား.....

(စာကြွင်း.....
၁၉၈၈အဲဒီအချိန်ကစလို့ ရွှေမြိုင်အောင်တို့ ရောင်းရင်းတတွေ အကြား ..ဖြစ်မြောက်အောင်ဘာမှမလုပ်ပဲ ဆရာကြီးအထာနဲ့
ဟောက်စားလုပ်တတ်တဲ့သူငယ်ချင်းတွေကို အစ်ကိုကြီးလို့ နောက်ပြီးခေါ်တတ်ကြပါတယ် .....နှစ်တွေကြာသည့်တိုင်..
အခုအချိန်မှာလဲ တစ်ယောက် ယောက်က အစ်ကိုကြီးလို့လှမ်းခေါ်ရင် ရွှေမြိုင်အောင် ဆံပင်မွှေးတွေထောင်သွားတတ်
ပါတယ်ခင်ဗျား...)

ပြီးပါပြီ
ရွှေမြိုင်အောင်

No comments:

Post a Comment